ရန်ကုန်မြို့တွင် မျက်နှာစာ ၂၅ ပေကျော်ရှိသော မြေကွက်တွင် အထပ်မြင့်ဆောက်ရန် လျှောက်ထားပါက ကားရပ်ရန် နေရာရှိမှသာ ဆောက်လုပ်ခွင့်ပါမစ် ချပေးမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီထံမှ သိရှိရသည်။
လက်ရှိ ရန်ကုန်မြို့တွင် တည်ဆောက်ထားသည့် အထပ်မြင့်အဆောက်အအုံအချို့မှာ မျက်နှာစာ ၂၅ ပေကျော် မြေအကျယ်အဝန်းရှိသော်လည်း ယာဉ်ရပ်နားရန်နေရာ မရှိသည့်အတွက် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်လျက်ရှိသောကြောင့် ယခုကဲ့သို့ ကားရပ်ရန် မြေနေရာရှိရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။
၂၀၁၇ ခုနှစ်တွင် ချပေးထားသည့် အထပ်မြင့်အဆောက်အအုံများမှာ ပုံမှန်အတိုင်းတည်ဆောက်ခွင့် ရမည်ဖြစ်သော်လည်း ၂၀၁၈ ခုနှစ်အတွင်း လျှောက်ထားသည့် အထပ်မြင့်အဆောက်အအုံများမှာ ကားရပ်ရန်နေရာ မပါရှိပါက ဆောက်လုပ်မှု ရပ်ဆိုင်းထားရမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။
ရန်ကုန်မြို့တွင် ယာဉ်ကြောပိတ်ဆို့ မှုဖြစ်ပွားစေလျက်ရှိပြီး မြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် အထပ်မြင့်အဆောက်အအုံများ၌ ကားရပ်ရန် နေရာဦးသည့် ပြဿနာများ နေ့စဉ်ဖြစ်ပွားလျက်ရှိကြောင်း မြို့တွင်းမြို့နယ်နေ ပြည်သူများထံမှ စုံစမ်းသိရှိရသည်။
“အရင်ကဆို မျက်နှာစာအကျယ် ပေ ၅၀ ရှိမှ ကားပါကင်ထားခိုင်းတာ။ အခုက မျက်နှာစာ ၂၅ ပေအကျယ် အထပ်မြင့်ဆောက်ရင် ၂၅ ပေရှိရင် ကားပါကင်ထားရမယ်ဆိုတော့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေအနေနဲ့ ဆောက်လုပ်ရတာ နေရာကျဉ်းသွားတော့ လုပ်ရကိုင်ရတာ အခက်အခဲဖြစ်တာပေါ့”ဟု ဆောက်လုပ်ရေးလုပ်ငန်းရှင် ဦးထွန်းထွန်းလင်းက ဆိုသည်။
Credit: The Voice