မန္တလေးမြို့ အိမ်ခြံမြေအရောင်းအဝယ် ဈေးကွက်မှာ ကျပ်သိန်းသောင်းချီတန်ကြေးရှိတဲ့ တန်ဖိုးမြင့်အိမ်ခြံမြေ တွေဟာ လက်ရှိမှာ အရောင်းအဝယ်မဖြစ်သလောက်ဖြစ်နေပြီး အငှားဈေးကွက်ကိုသာ အများစုက ဆက်လက်အားထား အလုပ်လုပ်နေရဦးမယ်လို့ အိမ်ခြံမြေအကျိုးဆောင်အများစုက သုံးသပ်ကြပါတယ်။
အိမ်ခြံမြေရောင်းဝယ်ရာမှာ လက်ရှိပေးဆောင်ဖို့သတ်မှတ်ထားတဲ့ အခွန်စနစ်အရ အိမ်မြေတန်ဖိုး ကျပ်သိန်း ၁,ဝဝဝ အထက်ဆိုရင် အခွန်က၃ဝ ရာခိုင်နှုန်းအထိ ပေးဆောင်ရမှာဖြစ်ပါတယ်။ မဖြစ်မနေ လိုအပ်ချက်ကလွဲပြီး ဝယ်ယူရင်းနှီးမြှုပ်နှံမှု ကျဆင်းနေတဲ့ အိမ်မြေဈေးကွက်မှာ တန်ဖိုးမြင့်အိမ်မြေတွေအတွက် ဒီအချက်ဟာ ဒီနှစ်ထဲမှာလည်း ကြီးမားတဲ့ အခက်အခဲတစ်ခုအဖြစ် ဆက်လက်ရှိနေဦးမယ်လို့ သုံးသပ်ကြပါတယ်။မြို့တွင်းက တန်ကြေးမြင့်တဲ့ အိမ်ခြံမြေတွေဟာ အရောင်းအဝယ်နည်းပါးပေမဲ့ အငှားဈေးကွက်ကတော့ ပုံမှန်လည်ပတ်နေပါတယ်။
ဈေးကွက်တောင်းဆိုမှုရှိတဲ့အတွက် အိမ်မြေပိုင်ရှင် အများစုက ဈေးနှုန်းကို နှစ်စဉ်တိုးတောင်းတာမျိုးရှိတယ်လို့ အကျိုးဆောင်တွေက ဆိုကြပြီး လမ်းမကြီးတွေပေါ်က အိမ်နဲ့ မြေတွေဟာ ငှားရမ်းခတွေ ပမာဏတော်တော်များများတက်လာတာလည်း တွေ့ရပါတယ်။
ဒါကြောင့် ငှားရမ်းလိုသူတွေဘက်က အသုံးစရိတ်လျှော့ချပြီး လမ်းမတန်းတွေကနေ အတွင်းပိုင်းဧရိယာတွေကို ပြောင်းလိုသူတွေ ရှိလာတယ်လို့လည်း အကျိုးဆောင်တချို့က ပြောပါတယ်။
လက်ရှိမှာ မြို့တွင်းလမ်းမတန်းတွေမှာတော့ အဆောက်အအုံပေါ်ကိုမူတည်ပြီး ငှားရမ်းခ တစ်လကို ပျမ်းမျှ ကျပ်သိန်း ၂ဝ ကနေ ကျပ်သိန်း ၅ဝ အထိ ဈေးခေါ်နေကြပါတယ်။ ပုံသေဈေးနှုန်းနဲ့ နှစ်ရှည်သဘောတူငှားရမ်းတာမျိုးဆိုရင် ငှားရမ်းသူတွေအတွက်ခံသာပေမဲ့ တစ်နှစ်ထက်တစ်နှစ် ရာခိုင်နှုန်းနဲ့ တိုးယူလိုတာမျိုးက ငှားရမ်းတဲ့ လုပ်ငန်းရှင်အတွက် ရေရှည်မှာ ဝန်ပိပြီး စဉ်းစားစရာ ဖြစ်လာပါတယ်။ ဒါကြောင့်လည်း ဒီနောက်ပိုင်းမှာ ကျပ်သိန်းဆယ်ဂဏန်းအောက်မှာသာရှိတဲ့၊ လမ်းမပေါ်မှာ မဟုတ်တဲ့ အိမ်ခြံမြေတွေကို ပိုအာရုံစိုက်လာကြပါတယ်။
Credit: Myanmar Times