ဖက်စပ်ကုမ္ပဏီများနှင့် ပြည်ပကုမ္ပဏီများအား ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်း၆မျိုးတင်သွင်းခွင့်ကို ထပ်တိုးပြီး ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်လိုက်သည်။
ပြီးခဲ့သည့် ၂၀၁၆ခုနှစ် က ခွင့်ပြုခဲ့သည့် အရေအတွက် ထက် ပိုမိုပြီး အမျိုးအစား၆မျိုးကို ခွင့်ပြုလိုက်ခြင်းကြောင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းဈေးကွက်တွင် အရည်အသွေးပိုင်းတွင် ပိုမိုကောင်းမွန်လာနိုင်ကြောင်း ဆောက်လုပ်ရေး လုပ်ငန်းရှင်များက ခန့်မှန်းပြောဆိုကြသည်။
တင်သွင်းရန် ခွင့်ပြုလိုက်သော ၆မျိုးတွင် ကျောက်တုံးကျောက်ပြား၊ အိမ်သုတ်ဆေးနှင့်ပတ်တီး၊မှန်၊ လုပ်ငန်းသုံးသံချောင်း၊သံနှင့်ပြုလုပ်ထားသော ပိုက်အမျိုးမျိုး ၊ အလူမီနီယံတိုင်ကီ တို့ပါဝင်လာခြင်းဖြစ်သည်။
အဆိုပါ ပစ္စည်းများကို ယခင်က လုံးဝတင်သွင်းခွင့်မပြုထားခြင်းမဟုတ်ဘဲ ပြည်တွင်းကုမ္ပဏီများက တင်သွင်းလျှက်ရှိသည်။ ယခုအခါ ဖက်စပ်ကုမ္ပဏီများနှင့်ပြည်ပကုမ္ပဏီများကို ထပ်တိုးပြီး ဆောက်လုပ်ရေးလူပ်ငန်းသုံးပစ္စည်းစာရင်းတွင်ထပ်တိုးခွင့်ပြုလိုက်ခြင်းဖြစ်သည်။
ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်က ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်း ကုန်စည်လိုင်းပေါင်း ၈၃မျိုးကို ခွင့်ပြုထားပြီးဖြစ်သည်။
လက်ရှိဆောက်လုပ်ရေးလောကတွင် ဆောက်လုပ်ရေး လုပ်ငန်းရှင်များအနေဖြင့် အမေရီကန်ဒေါ်လာဈေး အတက်အကျကိုကြည့်ကာ ဆောက်လုပ်ရေးလုပ်ငန်းသုံးကုန်ကြမ်းပစ္စည်းများကိုတင်သွင်းလျှက်ရှိသည်။
ပြီးခဲ့သည့် ၂၀၁၅ခုနှစ်ကဆောက်လုပ်ရေးလုပ်ငန်းသုံးကုန်ကြမ်းပစ္စည်းများကို အမြောက်အမြား ၀ယ်ယူတင်သွင်းရန်အတွက် အမေရီကန်ဒေါ်လာများကို လုပ်ငန်းရှင်အများစုကလိုက်လံဝယ်ယူရာ ဒေါ်လာဈေးမြင့်တက်မှုနှင့်လည်းကြုံတွေ့ ခဲ့ရသည်။
နေးရှင်းမြန်မာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com