သြစတေးလျနိုင်ငံ၊ ဆစ်ဒနီမြို့၏ သမိုင်းဝင် အထင်ရှားဆုံးနေရာများတွင် တစ်ခုအပါအဝင်ဖြစ်သည့် ဘုရားရှိခိုးကျောင်းနှင့် သင်းအုပ်ဆရာနေအိမ်တို့ကို ဈေးကွက်တင်ရောင်းချလာကြောင်း သြစတေးလျအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ဆစ်ဒနီမြို့၊ Seven Hills လမ်း၊ အမှတ် ၃၁၃ တွင်တည်ရှိပြီး ပြည်နယ်အစိုးရက သမိုင်းဝင်အမွေအနှစ်အဖြစ် အသိအမှတ်ပြုထားသည်။၁၈၀၀ ပြည့်လွန်ကာလများက ဆောက်လုပ်ခဲ့သည့် ဘုရားကျောင်းဖြစ်ပြီး ခြံဝန်းအတွင်း ဘုရားကျောင်းခန်းမဆောင်တစ်ခုနှင့် သင်းအုပ်ဆရာနေအိမ်တို့ ပါဝင်ပြီး စုစုပေါင်းကြမ်းခင်းဧရိယာမှာ စတုရန်းမီတာ ၆၁၀၀ ခန့် ဖြစ်သည်။
နေအိမ်အရောင်းဈေးကွက်ဝင်လာပြီးနောက် ဘာသာရေးအဖွဲ့များ၊ နေ့ကလေးထိန်းလုပ်ငန်းရှင်များနှင့် ဆောက်လုပ်ရေးရှင်များစွာ လာရောက်ကြည့်ရှုခဲ့ကြသည်။
“စိတ်ဝင်စားတဲ့သူ အရမ်းများတယ်။ လာပြီးစုံစမ်းတာ လူဦးရေ ၃၀ ကျော်အထိ ရှိနေပြီး အရမ်းစိတ်လှုပ်ရှားစရာပါ” ဟု LJ Hooker Baulkham Hills အိမ်ခြံမြေကုမ္ပဏီမှ အကျိုးဆောင် လျန်းနာက ပြောကြားသည်။
ပြည်နယ်မှတ်တမ်းများအရ အဆိုပါဘုရားကျောင်းကို ဆစ်ဒနီမြို့ ဂိုဏ်းအုပ်ဆရာတော်က ၁၈၇၉ ခုနှစ်တွင် ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
ရောင်စုံဆေးရေးရုပ်ပုံများဖြင့် အလှဆင်ထားသည့် ပြတင်းပေါက်များ၊ ကျွန်းသားကြမ်းခင်းများ၊ ထင်းရှူးမွှေးသားဖြင့် ပြုလုပ်ထားသည့် မျက်နှာကြက်တို့ ပါဝင်သည်။
သင်းအုပ်ဆရာနေအိမ်မှာ ဝိတိုရိယဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားသည့် နှစ်ထပ်အဆောက်အအုံဖြစ်ပြီး အိပ်ခန်း ၅ ခန်း၊ မီးလင်းဖို ၆ ခုတို့ ပါဝင်ပြီး အပေါ်ထပ်ရှေ့မျက်နှာစာပတ်လည်တွင် ဝရန်တာထည့်သွင်းထားသည်။
လာရောက်စုံစမ်းသူအားလုံးမှာ ခြံဝန်းအတွင်းရှိ မြေလွတ်များတွင် အဆောက်အအုံသစ်များ ဆောက်လုပ်ရန် ရည်ရွယ်ချက်များ ရှိကြကြောင်း လျန်းနာက ပြောကြားသည်။
ယခင်က အင်္ဂလန်ဘုရားကျောင်းအုပ်စုက ပိုင်ဆိုင်ခဲ့ပြီး ၁၉၈၀ ပြည့်နှစ်တွင် ပိုင်ဆိုင်သူ ပြောင်းလဲသွားခဲ့သည်။ဈေးနှုန်းမည်မျှဖြင့် ရောင်းချမည်ဟု သတ်မှတ်ထားခြင်းမရှိဘဲ ဈေးကွက်တင်လာခြင်းဖြစ်ကြောင်းလည်း အဆိုပါအကျိုးဆောင်က ပြောကြားသည်။
ဤအိမ်ခြံမြေအဆောက်အအုံကို ဝယ်ယူရန်အဘယ်ကြောင့်စိတ်ဝင်စားရသည်ဟူ၍ ရေးသားဖော်ပြချက်အပေါ်မူတည်ကာ ရောင်းချသွားမည်ဖြစ်ပြီး ဇန်နဝါရီလ ၁၅ ရက်နောက်ဆုံးထားပေးပို့ရမည်ဟု ဆိုသည်။
လွန်ခဲ့သောနှစ်အတွင်းကလည်း အကျယ်အဝန်း စတုရန်းမီတာ ၁၉၇၅ ရှိသည့် ရှေးဟောင်းအမွေအနှစ်စာရင်းဝင် ဝမ့်ထ်ဝါ့သ် အောက်မေ့ဖွယ်ဘုရားကျောင်းကို ဒေါ်လာ ၅ သန်းမှ ၅ ဒသမ ၅ သန်းကြားဖြင့် အရောင်းဈေးကွက်ဝင်လာခဲ့ဖူးသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)