စီးပွားရေးမြို့တော်အသွင်ကို ပီပီပြင်ပြင်ပြောင်းလဲနေတဲ့ ရန်ကုန် မြို့ဟာ အခုဆိုရင် စက်မှုဇုန်အသစ်တွေ ထပ်မံဖော်ထုတ်ဖို့ အစီ အစဉ်ရှိနေတာမို့ ရင်းနှီးမြှုပ်နှံသူတွေရော အလုပ်အကိုင် အခွင့်အလမ်းရှာဖွေနေတဲ့ လူငယ်တွေအတွက်ပါ အဆင်ပြေဖို့ ရှိလာနိုင်မှာ ဖြစ်ပါတယ်။
လူဦးရေတဖြည်းဖြည်းတိုးပွားနေတဲ့ ရန်ကုန်မြို့ဟာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးက ရွှေ့ပြောင်းအခြေချ နေထိုင်လာတဲ့လူတွေ များပြားလာတာနဲ့အမျှ အလုပ်အကိုင်အခွင့်အလမ်းလိုအပ်ချက်ကလည်း တိုးပွားလာပါတယ်။ ဒါ့ အပြင် စီးပွားရေးလုပ်ငန်း လုပ်ကိုင်လိုသူတွေ အတွက်လည်း နိုင်ငံတကာနဲ့ပူးပေါင်းကာ ရင်းနှီးမြှုပ်နှံမှုပြုလုပ်နိုင်ဖို့ အခွင့် အလမ်းရရှိနိုင်မှာဖြစ်လို့ အခုလို စက်မှုဇုန်အသစ်တွေ ထွက်ပေါ် လာဖို့ စီစဉ်တာကို ကြိုဆိုရမှာဖြစ်ပါတယ်။
''ရန်ကုန်တိုင်းဒေသကြီးရဲ့ မြို့နယ် ၁၁ မြို့နယ်မှာ စက်မှုဇုန် အသစ်တွေ အကောင်အထည်ဖော်သွားမယ်''လို့ ရန်ကုန် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောခဲ့ပါတယ်။ မြို့ပြနေသူတွေနဲ့ ကျေးလက်နေပြည်သူတွေအတွက် အလုပ် အကိုင်အခွင့်အလမ်းနဲ့ ဝင်ငွေမျှတမှုဖြစ်ပေါ်စေဖို့လည်း အခုလို အလုပ်အကိုင်အခွင့်အလမ်းတွေ ထွက်ပေါ်လာနိုင်တဲ့စက်မှုဇုန် အသစ်တွေကို ဖော်ထုတ်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ လောလောဆယ် စက်မှုဇုန် ၂၉ ခု ရှိနေပြီး စက်မှုဇုန်အသီးသီးမှာတော့ စက်ရုံ အလုပ်ရုံတွေ အတော်များများ လည်ပတ်နေကြပါတယ်။ အဲဒီစက်မှုဇုန်တွေမှာ အလုပ်အကိုင် အခွင့်အလမ်းတွေအများ ကြီး ပေးထားနိုင်နေပါတယ်။ ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှု တွေနဲ့ လည်ပတ်နေကြတဲ့ အဲဒီစက်မှုဇုန်တွေဟာ အခုဆိုရင် အရှိန်အဟုန်နဲ့ လည်ပတ်နိုင်နေပြီဖြစ်ပါတယ်။ ဒါပေမယ့် လျှပ်စစ်ဓာတ်အား ပြည့်ဝစွာမသုံးစွဲနိုင်သေးတာမို့ ဒါတွေကို လည်း လုံလုံလောက်လောက် ဖြည့်ဆည်းပေးနိုင်ရေး ကြိုးစား နေတယ်လို့ ဆိုပါတယ်။
အခု ရန်ကုန်တိုင်းဒေသကြီးရဲ့ မြို့နယ် ၁၁ မြို့နယ်မှာ အကောင်အထည်ဖော်တော့မယ့် စက်မှုဇုန်အသစ်တွေဟာ စက်မှုဇုန်တစ်ခုကို မြေဧက ၁ဝဝဝ ခန့် အကျယ် သတ်မှတ်ဖော် ထုတ်မှာဖြစ်ပါတယ်။ ဒီစက်မှုဇုန်အသစ်တွေမှာ နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ်ပြီး ဆောင်ရွက်မယ်လို့လည်း အစီအစဉ်ရှိတယ်လို့ သိရပါတယ်။ အထူးသဖြင့် ဂျပန်နိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းတွေ လာရောက်ရင်းနှီးမြှုပ်နှံလာအောင် ဆွဲဆောင်မယ်လို့လည်း ဆိုနေပါတယ်။
ဒီလို စက်မှုဇုန်အသစ်တွေ ဖော်ထုတ်ရင် အဓိကအနေနဲ့ လျှပ်စစ်ဓာတ်အား ပြည့်ပြည့်ဝဝဖြည့်ဆည်းပေးနိုင်ရေး လိုအပ် မှာဖြစ်တယ်လို့ စီးပွားရေးသုံးသပ်သူတွေက ဆိုနေကြပါတယ်။ အခြေခံအဆောက်အအုံတွေ ဖြည့်ဆည်းနိုင်မှာ ဖြစ်လို့ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရင်တော့ နိုင်ငံတော် အတွက် အခွန်အခနဲ့ လူငယ်တွေအတွက်ပါ အလုပ်အကိုင် အခွင့်အလမ်းတွေ ထွက်ပေါ်လာနိုင်မှာ ဖြစ်ပါတယ်။
စက်မှုဇုန်အသစ်တွေကို ရန်ကုန်တိုင်းဒေသကြီးရဲ့ ခရမ်း၊ သုံးခွ၊ ကွမ်းခြံကုန်း၊ ကော့မှူး၊ တွံတေး၊ သန်လျင်၊ ကျောက်တန်း၊ တိုက်ကြီး၊ မှော်ဘီ၊ ထန်းတပင်၊ လှည်းကူးစတဲ့ ၁၁ မြို့နယ်မှာ ဖော်ထုတ်မှာ ဖြစ်ပါတယ်။ ရန်ကုန်မြို့ရဲ့ လူနေထိုင်မှု သိပ်သည်း မှု၊ ယာဉ်ကြောကျပ်တည်းမှု၊ လမ်းပိတ်ဆို့မှုတွေကိုလည်း လျော့ကျသွားစေနိုင်မှာ ဖြစ်ပါတယ်။ တကယ်လို့ အဲဒီမြို့နယ် တွေမှာ စက်မှုဇုန်တွေထွက်ပေါ်ခဲ့ရင် ဒေသခံကျေးလက်နေ ပြည်သူတွေဟာ မိမိတို့နေထိုင်ရာ အနီးဝန်းကျင် မှာပဲ သွားလာ နေထိုင်အလုပ် လုပ်နိုင်ကြတော့မှာမို့ အစစအရာရာအဆင်ပြေ မှုတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။
ဒါ့အပြင် အလုပ်အကိုင်အခွင့်အလမ်းနဲ့ ဝင်ငွေကြောင့် အဲဒီကျေးလက်ဒေသတွေက လူငယ်တွေ ပြည်ပကို ထွက်ခွာပြီး အလုပ်လုပ်နေမှုတွေလည်း လျှော့ချနိုင်မှာဖြစ်သလို ကိုယ့် ရပ်ရွာအနီးဝန်းကျင်မှာပဲ နေထိုင်လုပ်ကိုင်ကြရမယ့် အခွင့်အရေး ကောင်းလည်း ရရှိနိုင်မှာ ဖြစ်ပါတယ်။ တကယ်တော့ စက်မှုဇုန် အသစ်တွေဖော်ထုတ်တဲ့နေရာမှာ အခြေခံအဆောက်အအုံတွေ ဖြည့်ဆည်းပေးဖို့အပြင် အချို့ စည်းမျဉ်းစည်းကမ်းတွေကို လည်း လျှော့ချပေးနိုင်ဖို့ လိုအပ်တယ်လို့ သုံးသပ်နေကြပါ တယ်။
ဒါကြောင့်မို့လို့ စက်မှုဇုန်အသစ်တွေ ရွေးချယ်ဖော်ထုတ် တဲ့အခါ ရေနဲ့လျှပ်စစ်မီးရရှိပြီး ဆက်သွယ်ရေးကောင်းတဲ့နေရာ တွေ၊ စိုက်ပျိုးရေးဖြစ်ထွန်းမှုအားနည်းတဲ့ မြေနေရာတွေဖြစ်ဖို့ အတွက် တာဝန်ရှိသူတွေက စနစ်တကျ စီစဉ်ဆောင်ရွက်နေ တယ်လို့ ဆိုပါတယ်။ မြေပိုင်ခွင့်ရှင်တွေကိုလည်း အစိုးရက သတ်မှတ်ထားတဲ့ တန်ကြေး ပြန်လည်ပေးအပ်မယ်လို့လည်း သိရပါတယ်။
ဒီလိုစက်မှုဇုန်တွေမှာ လာရောက်ရင်းနှီးမြှုပ်နှံမယ့်လူတွေ ကို မြေယာဈေးနှုန်းသက်သာစွာနဲ့ လုပ်ကိုင်နိုင်အောင်ဆောင်ရွက် ပေးဖို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က စီစဉ်နေတယ်လို့ ဆိုပါတယ်။ ရန်ကုန်မြို့ဝန်းကျင်မှာ စက်မှုဇုန်သစ်တွေ ထပ်မံ ထွက်ပေါ်ဖို့ ရှိနေတာဟာ အခက်အခဲတွေ ရှိနေပေမယ့် ကြိုးစား ပြီး အောင်မြင်အောင် ဆောင်ရွက်နိုင်ရင်တော့ နိုင်ငံတော် အတွက်ရော ပြည်သူတွေအတွက်ပါ ကောင်းမွန်တဲ့အစီအစဉ် ဖြစ်ပါတယ်။
အလုပ်လက်မဲ့ ဦးရေ အတိုင်းအတာတစ်ရပ်အထိ လျှော့ချနိုင်ပြီး လူငယ်တွေအတွက် ပုံမှန်ဝင်ငွေရရှိကာ စီးပွားရေး အခွင့်အလမ်းသစ်တွေပါ ထွက်ပေါ်လာနိုင်တဲ့ ရန်ကုန်မြို့ရဲ့ စက်မှုဇုန် သစ်တွေရဲ့အခြေအနေကို စောင့်ကြည့် ရတော့မှာပဲ ဖြစ်ပါတယ်။ ။
Credit: MOI Webportal Myanmar