လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနသည် ပြည်သူ နှင့် အနီးကပ်ထိတွေ့ပြီး ပြည်သူ့လိုအပ်ချက်ကို ဖြည့်ဆည်းကူညီ ဆောင်ရွက်ပေးနေရသည့်နည်းတူ တစ်ချိန်တည်းမှာပင် နိုင်ငံ တော်၏ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် အဓိကအခန်း ကဏ္ဍမှ အရေးပါသော မြေယာစာရင်းအင်းများ တိကျမှန်ကန် စေရေးတာဝန်ကိုပါ ဆောင်ရွက်ကြရသည်ဖြစ်ရာ လုပ်ငန်း ကျွမ်းကျင်မှုအပါအဝင် ဝန်ထမ်းစည်းမျဉ်းစည်းကမ်း၊ အရပ်ဘက် ဆက်ဆံရေးနည်းလမ်း၊ သတ်မှတ်ပြဋ္ဌာန်းထားသော ဥပဒေ၊ နည်းဥပဒေ လုပ်ထုံးလုပ်နည်းများအားလုံးကို စောင့်စည်း လိုက်နာကြရန် လိုအပ်ကြောင်း ယနေ့ နံနက် ၁၁ နာရီက အဆိုပါ ဝန်ကြီးဌာန၌ ကျင်းပသည့် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်း အင်းဦးစီးဌာန တာဝန်ရှိသူများနှင့် တွေ့ဆုံပွဲအခမ်းအနားတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြောကြား သည်။
တွေ့ဆုံပွဲသို့ အမြဲတမ်းအတွင်းဝန်များ ဖြစ်ကြသော ဒေါက်တာတင်ထွဋ်၊ ဒေါက်တာခင်ဇော်နှင့် ဦးကျော်ငွေ၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးသက်နိုင်ဦးနှင့် ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသ ကြီး၊ ပြည်နယ်၊ ခရိုင်ဦးစီးမှူးများ တက်ရောက်ကြသည်။
တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက လယ်ယာမြေပုံစံ(၇)ထုတ်ပေးခြင်း လုပ်ငန်းများ သတ်မှတ်ချိန်ပြီးစီးရေး ကြိုးပမ်း ဆောင်ရွက်ရန်၊ မိမိတို့သက်ဆိုင်ရာ လုပ်ငန်းပိုင်းကို ကျွမ်းကျင် ပိုင်နိုင်စွာဖြင့် ဒေသအစိုးရအဖွဲ့များ၏ စီမံဆောင်ရွက်ချက်များ အပေါ် ကူညီအားဖြည့်ပေးနိုင်သော အထောက်အပံ့ကောင်းများ အဖြစ် ကြိုးပမ်းဆောင်ရွက်ရန်၊ ဝန်ထမ်းများ စွမ်းဆောင်ရည် ပြည့်ဝစေရေး လေ့ကျင့်သင်ကြား ကြပ်မတ်ကြရန် လိုအပ်သည့် နည်းတူ ဝန်ထမ်းသက်သာချောင်ချိရေး လုပ်ငန်းများကိုလည်း တရားနည်းလမ်းကျစွာ စီမံဆောင်ရွက်ပေးကြရန် လိုအပ်ချက် များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။
Credit: MOI Webportal Myanmar