သြစတေးလျနိုင်ငံသားတစ်ဦးဖြစ်သူ ဆိုင်မွန်ရိုဝီသည် လက်ရှိအားဖြင့် သြစတေးလျတွင် ပင်ပန်းဆင်းရဲစွာ အိပ်စက်ကြရလျက်ရှိသော အိမ်ရာမဲ့ ၆၃၁၄ ဦးအတွက် လုံခြုံစွာအိပ်စက်နိုင်မည့် နေရာတစ်ခု ဆောင်ကြဉ်းပေးနိုင်ရန် ကြိုးပမ်းလာလျက်ရှိသည်။
ဆိုင်မွန် ရိုဝီသည် တစ်ချိန်က ၎င်းကိုယ်တိုင် အိမ်ရာမဲ့ဖြစ်ခဲ့ဖူးပြီး ယခုအခါတွင် ဒေသတွင်းရှိ ပူးပေါင်းပါဝင်သူတို့၏ အကူအညီဖြင့် အိပ်စက်ဘတ်စ်ကားများ ထုတ်လုပ်မည့် အဖွဲ့ကို တည်ထောင်ခဲ့သည်။
ဆိုင်မွန်ရိုဝီ၏ အိပ်စက်ဘတ်စ်ကား ထုတ်လုပ်နိုင်ရန် သြစတေးလျနိုင်ငံသားများစွာ စုပေါင်း၍ ဒေါ်လာ ၁၂၀၀၀၀ ခန့် ထည့်ဝင်လှူဒါန်းခဲ့ကြသည်။
အိပ်စက်ခြင်းကို အဘယ်ကြောင့် အရေးကြီးအကြောင်းရပ်အဖြစ် ပစ်မှတ်ထားခဲ့ပါသနည်း။
လူတစ်ဦးသည် ဘေးကင်းလုံခြုံစွာဖြင့် နှစ်ခြိုက်စွာ အိပ်စက်နိုင်မည့်နေရာရှိလျှင် အကျိုးရှိသည့် ပြောင်းလဲမှုများစွာ ပေါ်ပေါက်လာမည်ဧကန်ဖြစ်သည်ဟု ဆိုင်မွန်ရိုဝီက အခိုင်အမာ ယုံကြည်သည်။
ဘေးကင်းလုံခြုံစွာဖြင့် နှစ်ခြိုက်စွာ အိပ်စက်ခွင့်ရခြင်းသည် ကိုယ်စိတ်နှစ်ပါး ကျန်းမာရေးကို မြှင့်တင်ပေးနိုင်ပြီး ဆေးကုသမှု ကုန်ကျစရိတ်များ လျှော့ချပေးနိုင်သည်။
ထို့ကြောင့် ဆိုင်မွန်ရိုဝီက ဂျပန်ဟိုတယ်ဒီဇိုင်းကို အတုယူကာ အိပ်စင် ၂၂ ခုပါဝင်သည့် အိပ်စက်ဘတ်စ်ကားကို တီထွင်ထုတ်လုပ်လိုက်၏။
သူ၏ ဘတ်စ်ကားတွင် အိပ်စင်များအပြင် အိမ်သာ ၂ ခု၊ လူတစ်ဦးချင်းစီအတွက် အံသေတ္တာငယ်များ၊ ပစ္စည်းထားသိုရန်နေရာ၊ အိမ်မွေးတိရ စ္ဆာန်များ ထားရှိရန် လှောင်အိမ်နေရာ ၈ ခု၊ စီစီတီဗွီလုံခြုံရေးစနစ်နှင့် အင်တာကွန်းစနစ်တို့ ထည့်သွင်းပေးထားသည်။
အိပ်စက်မည့်သူတို့သည် ဟိုတယ်ခန်းတစ်ခုအလား သက်တောင့်သက်သာအိပ်စက်နိုင်မည်ဖြစ်ပြီး သော့ပိတ်နိုင်သည့် အခန်းတံခါး၊ ကျယ်ဝန်းသည့် အိပ်စက်ကုတင်၊ ရေမြှုပ်မွေ့ယာ၊ အပူချိန်ထိန်းညှိစနစ်၊ မီးလုံးများ၊ USB အားသွင်းပေါက်၊ မီးခိုးအာရုံခံကိရိယာ၊ အခမဲ့ရုပ်သံလိုင်းတို့လည်း ရရှိမည် ဖြစ်သည်။
အိပ်စက်မည့်သူများမှာ အကူအညီပေးရေးအေဂျင်စီတို့မှ တိုက်ရိုက်စေလွှတ်သူများဖြစ်ပြီး ဦးရာလူစနစ်ဖြင့် အိပ်စက်ခွင့်ပေးမည် ဖြစ်သည်။
အိပ်စက် ဘတ်စ်ကားတိုင်းအတွက် ကားရပ်နားရန် နေရာထားရှိထားပြီး ည ၈ နာရီမှ နံနက် ၈ နာရီအထိ ရပ်နားထားကာ အိပ်စက်ခွင့်ပေးမည်ဖြစ်သည်။
နောက်နေ့ နံနက် ၇ နာရီတွင် အိပ်စက်သူများသည် ဘတ်စ်ကားမှ ထွက်ခွာကြရမည်ဖြစ်ပြီး ဘတ်စ်ကားမှာမူ သန့်ရှင်းရေးနှင့် အသုံးအဆောင်ပစ္စည်းများ ပြန်လည်ထည့်သွင်းပေးရေးအတွက် ဂိုဒေါင်သို့ ပြန်လည်ပို့ဆောင်မည် ဖြစ်သည်။
ဆိုင်မွန် ရိုဝီ၏ အိပ်စက်ဘတ်စ်ကားတည်ဆောက်ရာတွင် ဗိသုကာပညာရှင်များ၊ လက်သမားများ၊ လျှပ်စစ်ကျွမ်းကျင်ပညာရှင်များ ၇၀ ဦးခန့် လုပ်အားဒါန ပေးခဲ့ကြသည်။
ဆိုင်မွန်ရိုဝီနှင့်အဖွဲ့က အဆိုပါဘတ်စ်ကားကို ၈ လခန့် အချိန်ယူ ဆောက်လုပ်ခဲ့ရသည်ဟု ဆိုသည်။
ဆိုင်မွန်ရိုဝီသည် sleepbus.org အမည်ရှိ ဝက်ဘ်ဆိုက်နှင့် Facebook လူမှုကွန်ရက်တွင် sleepbusaustralia စာမျက်နှာများဖွင့်လှစ်ကာ ၎င်း၏လုပ်ငန်းအး အကူအညီပေးမည့်သူများ ရှာဖွေလျက်ရှိလေသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)