ရခိုင်ပြည်နယ်အစိုးရနှင့် BXT International ကုမ္ပဏီတို့ အကျိုးတူ ပူးပေါင်းဖော်ဆောင်သော စစ်တွေ Waterfront စီမံကိန်းကို ရခိုင်ပြည်နယ်၊ စစ်တွေမြို့ မြစ်ကမ်းတစ်လျှောက်ရှိ မြေဧက ၉ဝ ပေါ်တွင် ဖော်ဆောင်လျက်ရှိရာ ယခုအခါ ထက်ဝက်ပြီးစီးနေပြီဖြစ်ကြောင်း ရခိုင်ပြည်နယ် လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံက ပြောသည်။
ထိုစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၁ဝ သန်းနီးပါး ကုန်ကျခံတည်ဆောက်မည်ဖြစ်ကြောင်းလည်း ဝန်ကြီးက ပြောသည်။
ယင်းစီမံကိန်းမှာ စစ်တွေမြို့ မြစ်ကမ်းနား တစ်လျှောက်ရှိနေရာများကို မြေဖို့၍ မြို့သစ်တည် ဆောက်သည့် စီမံကိန်းဖြစ်ပြီး ယခု ၂ဝ၁၈ ခုနှစ်ကုန်တွင် အပြီးသတ် ဖော်ဆောင်မည်ဖြစ်ကြောင်း သိရသည်။စီမံကိန်းက ရရှိလာသော အကျိုးအမြတ်များကို ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်အသုံးချမည်ဖြစ်ကြောင်းလည်း ဒီဇင်ဘာ ၂၈ ရက်က ရန်ကုန်မြို့ စင်ထရယ်ဟိုတယ်တွင်ပြုလုပ်သော စီမံကိန်းနှင့် ပတ်သက်သော သတင်းစာရှင်းလင်းပွဲတွင် ဝန်ကြီးက ထပ်လောင်း ပြောကြားသွားသည်။
'' စီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုရှိမရှိကိုလည်း စစ်ဆေးပြီး ထိခိုက်မှုမရှိနိုင်ဘူးဆိုမှ ကျွန်တော်တို့ ဒီလုပ်ငန်းကို ဆက်လုပ်ခဲ့တာဖြစ်ပါတယ် ''ဟုလည်း ၄င်းကဆိုသည်။
ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ပြည်နယ်အဆင့်တွင် အမေရိကန်ဒေါ်လာ ငါးသန်းအထိ ခွင့်ပြုပေးနိုင်ကြောင်း၊ ရခိုင်ပြည်နယ်ကို ဖွံ့ဖြိုးမှုအနည်းဆုံးဇုန်အဖြစ် သတ်မှတ်ထားသဖြင့် ရင်းနှီးမြှုပ်နှံသူများအတွက် အခွန်ကင်းလွတ်ခွင့် များစွာရှိနေကြောင်းလည်း ဝန်ကြီးက ပြောကြားခဲ့သေးသည်။
အဆိုပါစီမံကိန်းကို ၂ဝ၁၆ ခုနှစ် မတ်လတွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုခဲ့ပြီး လုပ်ငန်း စတင်ဆောင်ရွက်ခဲ့ပြီး စီမံကိန်းကရရှိသည့် အကျိုးအမြတ်ကို ပြည်နယ်အစိုးရက ၃ဝ ရာခိုင်နှုန်းနှင့် BXT International က ၇ဝ ရာခိုင်နှုန်း ခွဲဝေခံစား ရရှိမည်ဖြစ်ကြောင်း သိရသည်။
ယင်းစီမံကိန်းတွင် စုပေါင်းအိမ်ရာ၊ လက်လီ လက်ကားဈေးကွက်၊ အလယ်အလတ်အမြင့်ရှိသော ကွန်ဒိုမီနီယံများ၊ ဂိုဒေါင်နှင့် ပို့ဆောင်ရေးဆိုင်ရာ ဝန်ဆောင်မှုများ၊ ကုန်သွယ်မှု စီးပွားရေးဇုန်၊ ငါးစက်ရုံများနှင့် အပန်းဖြေနေရာများပါဝင်မည် ဖြစ်ကြောင်း စီမံကိန်း၏ အရောင်းမြှင့်တင်ရေးကို ဆောင်ရွက်ပေးနေသည့် အိမ်ခြံမြေရောင်းဝယ်ငှား ဝက်ဆိုက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးနေမင်းသူက ပြောသည်။
'' စစ်တွေမြို့ မြစ်ကမ်းတစ်လျှောက်မှာ သဘာဝပတ်ဝန်းကျင်ကို အန္တရာယ်မဖြစ်စေတဲ့ စင်ကာပူနိုင်ငံက နည်းပညာတွေသုံးပြီး အကောင်အထည်ဖော်ထားတာပါ ''ဟု ၄င်းကဆိုသည်။
စီမံကိန်းမြေယာများကို အခုလာမည့် ဇန်နဝါရီ ၆ ရက်နှင့် ၇ ရက်တို့တွင် ရန်ကုန်မြို့ရှိ နိုဗိုတယ်ဟိုတယ်နှင့် စစ်တွေမြို့ရှိ စီမံကိန်းမြေနေရာတို့တွင် စတင်ရောင်းချမည်ဖြစ်သည်။
မြေဝယ်ယူသူများအတွက် မြေပိုင်ဆိုင်မှု ခိုင်မာစေရန် ပြည်နယ်အစိုးရက မြေဂရန်များ ထုတ်ပေးမည်ဖြစ်ပြီး တစ်စတုရန်းပေလျှင် ငွေကျပ် သောင်းဂဏန်းဝန်းကျင်ဖြင့် ရောင်းချမည်ဖြစ်ကြောင်း ဦးနေမင်းသူက ဆိုသည်။
စစ်တွေမြို့၏ လက်ရှိမြေဈေးမှာ မြန်မာနိုင်ငံရှိ မြေဈေးအရဆိုလျှင် ဈေးနှုန်းသင့်တင့်သော အနေအထားတွင်ရှိပြီး မြို့လယ်ရှိမြေ တစ်စတုရန်း ပေလျှင် ငွေကျပ် နှစ်သိန်းမှ ငါးသိန်းကြား ရှိကြောင်း၊ မြေနေရာများကို ကုမ္ပဏီက နှစ်နှစ်အထိ အရစ်ကျစနစ်ဖြင့် ရောင်းချမည်ဖြစ်ကြောင်း ဦးနေမင်းသူက ပြောသည်။
စီမံကိန်းမြေဧက ၉ဝ အနက် လမ်း၊ ရေမြောင်းနှင့် လမ်းမီးသွယ်တန်းမှုအတွက် ၂၃ ရာခိုင်နှုန်း အသုံးပြုမည်ဖြစ်ကြောင်းလည်း ၄င်းက ဆိုသည်။
Credit: Myanmar Times