တရုတ်ပြည်၊ ဟေဘေးပြည်နယ်၊ ဟွန်ယကူဒေသတွင် အလျား ၄၈၈ မီတာ ( ၁၆၀၁ ပေ) ရှိ ကမ္ဘာပေါ်တွင် အရှည်လျားဆုံး မှန်တံတားတစ်ခုကို ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၄ ရက်က ဖွင့်လှစ်ခဲ့ကြောင်း ဟောင်ကောင်နှင့် လန်ဒန်အခြေစိုက် သတင်းဝက်ဘ်ဆိုက်များတွင် ဖော်ပြသည်။
လူပေါင်း ၃၀၀၀ ခန့် တပြိုင်တည်း တက်ရောက်နိုင်ရန် ခံနိုင်ရည်ရှိသော်လည်း လုံခြုံစိတ်ချရမှုရှိစေရန်အတွက် တစ်ကြိမ်လျှင် လူဦးရေ ၆၀၀ သာခွင့်ပြုထားသည်ဟု ဆိုသည်။
တံတားတွင် ခင်းကျင်းထားသည်မှာ ထွင်းဖောက်မြင်နေရသည့်မှန်ပြားများဖြစ်ပြီး ကမ္ဘာလှည့်ခရီးသည်တို့ကို စိတ်လှုပ်ရှားမှုရသ ပိုမိုပေးနိုင်ရန်အတွက် တံတားပေါ်တွင် လမ်းလျှောက်လျှင် ယိမ်းထိုးလှုပ်ရှားနေစေရန် ဒီဇိုင်းဆွဲဆောက်လုပ်ထားသည်။
တံတား၏ လူသွားလမ်း မှန်ပြားများမှာ တံတားအောက်ခြေ မြေပြင်မှ ၂၁၈ မီတာ (၇၅၅ ပေ) အမြင့်တွင် တည်ရှိသည်။
Hebei Bailu Group မှ ဆောက်လုပ်ပေးခဲ့ခြင်းဖြစ်ပြီး မှန်ပြားတစ်ချပ်လျှင် တစ်လက်မခွဲခန့် အထူရှိသည်။
မှန်ပြားပေါင်း ၁၀၇၇ ချပ်ဖြင့် ဆောက်လုပ်ထားပြီး အလေးချိန်အားဖြင့် တန်ချိန် ၇၀ ခန့်ရှိသည်ဟု ဆိုသည်။
အဆိုပါတံတားဖွင့်ပွဲ မြင်ကွင်းဓာတ်ပုံများမှာ အင်တာနက်တွင် ချက်ချင်းပျံ့နှံ့သွားပြီး ကြည့်မြင်ရသူတို့၏ စိတ်နှလုံးကို ဆွဲဆောင်မှုပေးနိုင်ခဲ့သည်။
တံတားပေါ်မှ အလွန်သာယာလှပသော ရှုမျှော်ခင်းများ တွေ့မြင်ရမည်ဖြစ်ပြီး ဝန်းကျင်ရှိ တောင်တန်းများ၊ ရေတံခွန်များအပြင် တံတားအောက်ရှိ မြစ်ကိုလည်း မှန်သားလျှောက်လမ်းကို ထွင်းဖောက်ကာ တွေ့မြင်နေရသည်မှာ အသည်းအေးဖွယ်ကောင်းလှသည်။
ယခင်က ကမ္ဘာ့စံချိန်တင်ထားခဲ့သော ကမ္ဘာ့အရှည်လျားဆုံးမှန်တံတားမှာလည်း တရုတ်ပြည်တွင်ပင် တည်ရှိသည်။
ယခုတံတားမှာ ယခင်တံတားထက် ၁၉၁ ပေ ပိုမိုရှည်လျားသည်ဟု ဆိုသည်။
လူသွားလမ်းမှာ ၆ ပေခွဲခန့် ကျယ်ဝန်းပြီး ဟွန်ယကူဒေသ ကမ်းပါးစောင်း ၂ ခုကို ချိတ်ဆက်ပေးထားခြင်းဖြစ်ကာ ၆၆ ထပ်တိုက်တစ်လုံး၏ အမြင့်ခန့် မြင့်မားသည်။
မှန်ပြားခင်းတံတားများမှာ တရုတ်ပြည်တွင် အလွန်ရေပန်းစားလာနေပြီး နိုင်ငံတစ်လွှားတွင် တံတားအများအပြားဖွင့်လှစ်ခဲ့ပြီး ဖြစ်သည်။
ဟွန်ယကူ ကမ္ဘာ့အရှည်လျားဆုံးမှန်တံတားကို ဖွင့်လှစ်လိုက်ပြီး နောက်နေ့တွင် တရုတ်ပြည်အရှေ့တောင်ပိုင်း၊ အန်းဟွေပြည်နယ်၊ ဝူဟူမြို့ရှိ တောင်တန်းများပေါ်တွင် ၁၂၇၂ ပေရှည်လျားသည့် တံတားတစ်စင်းကို ဖွင့်လှစ်လိုက်ပြန်သည်။
အဆိုပါတံတား၏ မှန်ပြားများတွင်မူ အထူးပြုလုပ်ဖန်တီးထားသည့် effect များထည့်သွင်းထားရာ မှန်ပြားပေါ်သို့ လူတက်လိုက်သည်နှင့် ကြေမွအက်ကွဲသွားသည့်ဟန် ပေါ်ပေါက်အောင် ဖန်တီးထားရာ ခြောက်ခြားဖွယ်ရာပင် ဖြစ်သည်။
ယင်းတံတားမှာ ပေ ၅၉၀ အမြင့်တွင် တည်ရှိပြီး တံတားထိပ်ကမ်းပါးတွင် မီးခိုးများမှုတ်ထုတ်နေသည့် နဂါးရုပ်တုနှစ်ခုလည်း ပြုလုပ်ထားသည်။
ပြီးခဲ့သော ၂၀၁၆ ခုနှစ်အတွင်း တရုတ်ပြည်တောင်ပိုင်း၊ ဟူနန်ပြည်နယ်တွင် ကျန်းဂျီးကျီမှန်ကြိုးတံတားကို ဖွင့်လှစ်ခဲ့သော်လည်း ဖွင့်လှစ်ပြီး ၁၃ ရက်အကြာတွင် ပြန်လည်ပိတ်သိမ်းလိုက်ရသည်။
နေ့စဉ်နေ့တိုင်း လူထောင်ပေါင်းများစွာ လာရောက်ကြခြင်းကြောင့် လုံခြုံစိတ်ချရမှုအတွက် ရတက်မအေးဖြစ်ရသောကြောင့် ပိတ်လိုက်ရခြင်းဖြစ်သည်ဟု ဆိုသည်။
အဆိုပါ ကြိုးတံတားသည် ဟွန်ယကူကြိုးတံတားမဖွင့်မီက ကမ္ဘာ့အရှည်လျားဆုံးမှန်တံတားအဖြစ် စံချိန်တင်ထားခဲ့သည့်တံတားဖြစ်ကာ အလျား ၁၄၁၀ ပေရှိသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)