ချင်းပြည်နယ်ဟားခါးနဲ့ ပလက်ဝမြို့တွေမှာ ၂၀၁၈ ခုနှစ်မှာတည်ဆောက်မယ့် စက်မှုစီမံကိန်းတွေအတွက် ရင်းနှီးမြှုပ်နှံမယ့် ပြည်တွင်း ပြည်ပလုပ်ငန်းရှင်တွေကို ဖိတ်ခေါ်ထားတယ်လို့ ချင်းပြည်နယ်အစိုးရအဖွဲ့တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
ချင်းပြည်နယ်ဟာ ဖွံ့ဖြိုးမှုအားနည်းနေတဲ့အတွက် ၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ်အတွင်းမှာ ဟားခါးနဲ့ပလက်ဝမြို့တွေမှာ စက်မှုဇုန်တွေကို အကောင်အထည်ဖော်မှာ ဖြစ်ပါတယ်။ ဒေသတွင်းစက်မှုဇုန်တွေဖွင့်လှစ်ရင် အခွင့်အလမ်းကောင်းတွေပေါ်လာမှာဖြစ်တယ်လို့ သူကပြောပါတယ်။ အဲသည်လိုတွေစက်မှုကဏ္ဍရှိရင်ဒေသနဲ့ ကိုက်ညီတဲ့ ဖန်တီးမှုတွေပေါ်ပေါက်လာမှာဖြစ်တယ်လို့ သိရပါတယ်။
ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္မဏီညွန်ကြားရေးမှူးဦးစီးဌာန၊ စီမံဘဏ္ဍာရေးဝန်ကြီးဌာန၊ ချင်းပြည်နယ် ဦးစီးမှူးရုံးတွေပူးပေါင်းပြီး ချင်းပြည်နယ် ပြည်တွင်း ပြည်ပရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး၊ အဆင်ပြေချောမွေ့ရေးအလုပ်ရုံဆွေးနွေးပွဲကိုကျင်းပခဲ့ကြောင်းသိရပါတယ်။
ချင်းပြည်နယ်မှာဆိုရင် လာမယ့်နှစ်မှာ စက်မှုဇုန်စီမံကိန်းတစ်ခုကို စတင်အကောင်အထည်ဖော်မှာဖြစ်ပြီး ပုဂ္ဂလိကလုပ်ငန်းရှင်တွေကို အစိုးရကဖိတ်ခေါ်ထား ကြောင်းသိရပါတယ်။ ဝင်ရောက်ရင်းနှီးမြှုပ်နှံတဲ့ လုပ်ငန်းရှင်တွေအနေနဲ့ ခုနစ်နှစ်အတွင်း အခွန်ကင်းလွတ်ခွင့်ရရှိမှာဖြစ်ပြီးထုတ်လုပ်မှုကဏ္ဍ၊ မြို့ပြကဏ္ဍ၊ လျှပ်စစ် ကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံကြတယ်လို့သိရပါတယ်။
Credit: The kumudra