ရန်ကုန်တိုင်းရှိ မြို့တွင်းခရီးသည် ပို့ဆောင်ရေးလုပ်ငန်းများတွင် ငွေပေးချေမှု ကတ်စနစ် YPS ကိုလုပ်ကိုင်မည့် ကုမ္ပဏီသုံးခုကို ဆန်ခါတင်ရွေးချယ်ခဲ့ပြီး ဇန်နဝါရီလ ၁၀ ရက်တွင် ကုမ္ပဏီတစ်ခုကို အပြီးသတ်ရွေးချယ်ပြီး အမည်စာရင်းထုတ်ပြန်မည်ဖြစ်ကြောင်း Yangon Payment Services(YPS) တင်ဒါစိစစ်ကြီးကြပ်ရေးအဖွဲ့ထံမှ သိရသည်။
Yangon Payment Services(YPS) ငွေပေးချေကတ်စနစ်ကို တာဝန်ယူလုပ်ကိုင်လို၍ တင်ဒါဝင်ရောက်ယှဉ်ပြိုင်ရန် အဆိုပြုလွှာတင်သည့် ကုမ္ပဏီ ၂၁ ခုအနက် ဒီဇင်ဘာလ ၂၉ ရက်က Anypay Payment Services ကုမ္ပဏီ၊ Asia Stamar Transport Intelligent ကုမ္ပဏီ၊ Excel KC Myanmar ကုမ္ပဏီတို့ကို ဆန်ခါတင် ရွေးချယ်လိုက်ခြင်း ဖြစ်သည်။
“ဒီနှစ်လယ်ပိုင်းမှာ YBS ယာဉ်တွေမှာ ငွေပေးချေစက် တပ်ဆင်နိုင်အောင် ဆောင်ရွက်မယ်။ ယာဉ်လမ်းကြောင်း တစ်ခုချင်းစီ တပ်ဆင်မှာဖြစ်သလို သုံးလအတွင်း ယာဉ်အားလုံး တပ်ဆင်နိုင်အောင် ဆောင်ရွက်မယ်” ဟု တင်ဒါစိစစ်ကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိက ဆိုသည်။
YPS စနစ်အတွက် တင်ဒါအပြီးသတ်ရွေးချယ်နိုင်ရန် ဇန်နဝါရီလ ၈ ရက်တွင် ကုမ္ပဏီသုံးခုနှင့် လူတွေ့မေးမြန်းခြင်း ဆောင်ရွက်မည်ဖြစ်ပြီး တင်ဒါအောင် ကုမ္ပဏီအနေနှင့် ဝန်ဆောင်မှုအတွက် Card Issuing လုပ်ငန်း၊ Cards Acquiring လုပ်ငန်း၊ Cards Top up Agent လုပ်ငန်းများကို လုပ်ကိုင်ရမည်ဖြစ်ကြောင်း တင်ဒါစိစစ်ကြီးကြပ်ရေးအဖွဲ့ထံမှ သိရသည်။
YBS ယာဉ်လိုင်း စီးနင်းခကို မိုင်နှုန်းအလိုက် ကောက်ခံမည်ဖြစ်ပြီး ကျပ် ၁၀၀၊ ၂၀၀၊ ၄၀၀ တန် ခရီးစဉ်များ ပါဝင်မည်ဖြစ်ပြီး ငွေပေးချေကတ်စနစ်၏ နည်းပညာကို ခြောက်လတစ်ကြိမ် မြှင့်တင်မည်ဖြစ်ကြောင်း နည်းပညာပိုင်း တာဝန်ယူဆောင်ရွက်သည့် တင်ဒါစိစစ်ရွေးချယ်ရေးကော်မတီအဖွဲ့ဝင် ဦးချစ်ထွန်းဖေက ပြောကြားသည်။
တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနှင့် ဩဂုတ်လ ၉ ရက်က တင်ဒါစတင်ခေါ်ယူခဲ့ပြီး အဆိုပြုလွှာ ၂၁ ခုရှိခဲ့ရာမှ သုံးခုကို ဆန်ခါတင် ရွေးချယ်ထားကာ တင်ဒါအောင်မြင်သော ကုမ္ပဏီသည် စာချုပ်သက်တမ်း ငါးနှစ်ချုပ်ဆိုမည်ဖြစ်ကြောင်း တင်ဒါစိစစ်ရွေးချယ်ရေး အဖွဲ့ထံမှ သိရသည်။
လက်ရှိ YBS ၃၇ ယာဉ်လိုင်းနှင့် ရေကြောင်းဘတ်စ်တွင် AnyPay ကတ်ဖြင့် ခရီးသွားပြည်သူများ စီးနင်းလျက်ရှိပြီး ခရီးသည်တင်ယာဉ်လိုင်းများတွင် AnyPay ကတ်နှင့် မိုဘိုင်းလ်ဖုန်းဖြင့် ပေးချေသည့် Ok money စနစ်ကို အသုံးပြုသည့်အပြင် ယခင်က ipay ကတ်ကိုလည်း ဆောင်ရွက်ခဲ့သည်။
Credit: The Voice