မကွေးတိုင်းဒေသကြီး၌ သမားရိုးကျမြေတိုင်းတာမှုစနစ် များအပြင် မြေတိုင်းရာတွင် လွယ်ကူမြန်ဆန်တိကျ စေရေးအတွက် UAV Drone များဖြင့် မြေတိုင်းတာပုံ ထုတ်ခြင်းကို ဆောင်ရွက်နိုင်တော့မည်ဖြစ်ကြောင်း တိုင်းဒေသကြီး လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်း အင်းဦးစီးဌာနမှ သိရသည်။
ယင်းသို့ဆောင်ရွက်နိုင်ရေးအတွက် မကွေး၊ ဂန့်ဂေါ၊ ပခုက္ကူ၊ သရက်နှင့် မင်းဘူးခရိုင်တို့မှ ဌာနဝန်ထမ်း သင်တန်းသား ၄၅ ဦးအား မကွေးမြို့၌ ဒီဇင်ဘာ ၂၇ ရက်မှ ၃၁ ရက်အထိ သင်တန်းပို့ချပေးလျက်ရှိကြောင်း၊ ဧက ၄ဝဝ ရှိ ကွင်းတစ်ကွင်းအား သမားရိုးကျတိုင်းတာပါ က ၇ ရက်မှ ၁ဝ ရက်အထိ ကြာမြင့်နိုင်ပြီး ယခုသင်တန်း မှ ပို့ချမည့်စနစ်ဖြင့် ဒရုန်းအသုံးပြု တိုင်းတာပါက နှစ်ရက်ခန့်သာ ကြာမြင့်မည်ဖြစ်ပြီး ပိုမို၍တိကျမှုရှိလာ မည်ဖြစ်ကြောင်း ဌာနတာဝန်ရှိသူတစ်ဦးကပြောသည်။
''မြေတိုင်းတဲ့နေရာမှာ အဆင့်တွေအများကြီးရှိတယ်၊ အဲဒီအဆင့်တွေကိုကျော်လွှားပြီးတော့Drone နဲ့ တိုင်း တဲ့စနစ်ကို သင်ကြားပို့ချသွားမှာဖြစ်ပါတယ်၊ အရင် စနစ်တွေက အလွန်ကြာတယ်၊ လုပ်ရကိုင်ရတာလက်ဝင် ပြီး လူအင်အားသုံးရတယ်၊ အခုစနစ်နဲ့ဆိုရင် အချိန် ရော၊လူအင်အားရော တိကျမှုပါ အလွန်ကွာခြားသွား မှာဖြစ်ပါတယ်''ဟု သင်တန်းနည်းပြ ဒုတိယ ညွှန်ကြား ရေးမှူး(ငြိမ်း) ဦးစိန်ဝင်းက ဆိုသည်။
တစ်စုံလျှင်ကျပ် ၅၅၄၂ဝဝဝ တန်ဖိုးရှိ Agisoftware မပါသည့် ဒရုန်းသုံးစီးနှင့် ဆက်စပ်ပစ္စည်း သုံးစုံ၊ တစ်စုံလျှင်ကျပ် ၁၄၂ဝ၄၅ဝဝ တန်ဖိုးရှိ Agisoftware ပါရှိသည့် ဒရုန်းယာဉ်တစ်စီးနှင့် ဆက်စပ်ပစ္စည်းများ အတွက် စုစုပေါင်းကျပ် ၃ဝ၈၃ဝ၅ဝဝကို မကွေး တိုင်းဒေသကြီးအစိုးရအဖွဲ့ ဘတ်ဂျက်မှ ချထားပေးခြင်း ဖြစ်သည်။
''တိုင်းဒေသကြီး အစိုးရအဖွဲ့က Drone ငါးစင်း ဝယ်ယူဖို့ ခွင့်ပြုခဲ့တာဖြစ်ပေမယ့်၊ ခြိုးခြံချွေတာတဲ့အနေ နဲ့Drone လေးစင်းနဲ့ ရရှိတဲ့Dataတွေကို အသေးစိတ် ပြုစုနိုင်ဖိှု့Softwareတစ်ခုဝယ်ပါတယ်၊ ဒီလိုပံ့ပိုးပေး တဲ့အတွက် တိုင်းဒေသကြီးရဲ့ မြေယာအသုံးချမှုတွေ၊ မြေယာစီမံခန့်ခွဲမှုတွေ၊ သဘာဝဘေးအန္တရာယ်ကြောင့် လယ်ယာ မြေဘယ်နှဧက ရေနစ်တယ်ဆိုတာတွေကို ဒီစနစ်နဲ့ တိုင်းတာရင် ချက်ချင်းသိရှိနိုင်မှာဖြစ်လို့ တိုင်း ဒေသကြီး အတွက်ရော၊ ဌာနအတွက်ပါ အလွန်အကျိုးရှိ မှာဖြစ်ပါတယ်''ဟု တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲ ရေးနှင့် စာရင်းအင်းဦးစီးဌာန တိုင်းဒေသကြီးဦးစီးဌာန မှူး ဦးဇော်ဝင်းက ပြောသည်။
မကွေးတိုင်းဒေသကြီးအတွင်းရှိ လယ်ယာမြေစီမံ ခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနများမှ ဝန်ထမ်းများ အနေဖြင့် လုပ်ငန်းတာဝန်များနှင့် ထမ်းဆောင်ရမည့် တာဝန်များ များပြားနေခြင်းကြောင့် ၂ဝ၁၇ ခုနှစ် မေလပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးဆုံးဖြတ်ချက်ဖြင့် မြေကြီးမြေပုံ မှန်ကန်ရေးနှင့် မြေတိုင်းတာဆောင်ရွက်ရာတွင် လွယ် ကူ မြန်ဆန်တိကျစေရေးအတွက်UAV Drone ငါးစင်း ဝယ်ယူရန် ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Credit: The Mirror