၂၀၁၈ ခုနှစ်မှာ ရွှေလုပ်ငန်းတွေအတွက် အနုတ်သဘောဆောင်တဲ့နှစ် ဖြစ်လာနိုင်တယ်လို့ မန္တလေးမြို့ရှိ ရွှေလုပ်ငန်းတွေက ပြောပါတယ်။ ရွှေထည်ဝယ်ယူမှုအပေါ် (၁)ရာခိုင်နှုန်း အခွန်ပေးဆောင်ရတာ၊ စီးပွားရေးမပြေလည်တာကြောင့် အရောင်းအဝယ်တွေ အေးလာပြီး လာမယ့်နှစ်ဟာ ရွှေလုပ်ငန်းတွေအတွက် အနုတ်သဘောဆောင်မယ့်နှစ် ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းပြောဆိုကြတာ ဖြစ်ပါတယ်။
မန္တလေးမြို့၊ အောင်သမာဓိ ရွှေဆိုင်မှ ဦးမော်က " ဒီနှစ်က ရွှေအရောင်းအဝယ်က အေးတယ်၊ (၁)ရာခိုင်နှုန်းအခွန်ဆောင်ရလို့ မဝယ်ကတာလဲပါတယ်၊ စီးပွားရေးကျပ်တည်းလို့ မဝယ်ကြတာလဲ ပါတယ်၊ ၂၀၁၈ မှာ ရွှေလုပ်ငန်းတွေအတွက် အနုတ်ဘက်မှာပဲရှိတယ် " လို့ သုံးသပ်ပါတယ်။
၂၀၁၇ ခုနှစ်အတွင်းမှာ ရွှေဈေးဟာ တစ်ကျပ်သား (၉၅၇,၈၀၀)ကျပ်အထိ စံချိန်တင်မြင့်တက် ခဲ့ပါတယ်။ ကမ္ဘာ့ရွှေဈေးတက်တာ၊ ဒေါ်လာဈေးတက်တာကြောင့် မြန်မာ့ရွှေဈေးဟာ ၂၀၁၇ခုနှစ်မှာ စံချိန်တင် မြင့်တက်ခဲ့တာပါ။ လာမယ့်နှစ်မှာလည်း ရွှေဈေးနှုန်းဟာ အတက်ဘက်မှာရှိနိုင်ပြီး အရောင်းအဝယ်ကတော့ နည်းလာနိုင်တယ်လို့ ရွှေလုပ်ငန်းရှင်တွေက သုံးသပ်ပြောဆိုပါတယ်။
Credit: The Modern