မန္တလေးအိမ်ခြံမြေအရောင်းအဝယ် ဈေးကွက်ဟာ လာမယ့်နှစ်သစ်မှာ အကောင်းဘက်ကို ပြောင်းလဲလာမယ်လို့ ဝါရင့်အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းရှင်အချို့က ခန့်မှန်းပါတယ် ။
စံချိန်တင် အရောင်းအဝယ်ကဆင်းနေတဲ့ မန္တလေးအိမ်ခြံမြေ အရောင်းအဝယ် ဈေးကွက်ရဲ့ ယခုနှစ် အရောင်းအဝယ် ရာသီမှာ မြို့တွင်းအကွက်ကောင်းတဲ့ နေရာတွေနဲ့ မြို့သစ်ရပ်ကွက်တွေမှာ အရောင်းအဝယ် အနည်းငယ် ဖြစ်ရုံသာရှိခဲ့တယ်။ မြို့တွင်းအကွက်ကောင်းတဲ့နေရာတွေနဲ့ မြို့သစ်ရပ်ကွက်တွေမှာ လက်ရှိအရောင်းအဝယ် ပြန်လိုက်စပြုတယ်ဆိုပေမဲ့ ယခင်နှစ်ထက်စာရင် မြေကွက်အချို့ ဈေးနှုန်းကျဆင်းတယ်။
စည်ကားမှုနည်းပါးတဲ့နေရာတွေနဲ့ စီမံကိန်းဝန်းကျင်က နေရာအချို့က မြေဈေးနှုန်းဟာ (၁၀)ရာခိုင်နှုန်းကနေ (၃၀)ရာခိုင်နှုန်းခန့်အထိ ကျဆင်းတယ်လို့သိရပါတယ်။
အေးစက်ကျဆင်းနေတဲ့ မန္တလေး အိမ်ခြံမြေဈေးကွက်ဟာ မကြာခင်အချိန်အတွင်း ပုံမှန်အနေအထား အရောင်းအဝယ် ဖြစ်လာလိမ့်မယ်လို့ မြို့ခံဝါရင့် အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းရှင်အချို့က ခန့်မှန်းပြောဆိုပါတယ်။
၂၀၁၈ မှာတော့ မြေယာနဲပက်သက်တဲ့ မူဝါဒအသစ်တွေ ချမှတ်လုပ်ဆောင်လာဖို့ရှိနေတာ၊ တခြားရင်းနှီးမြှုပ်နှံလုပ်ကိုင်လို့ရမယ့်အလုပ်အကိုင်အခွင့်အလမ်းသစ်တွေ ပေါ်ပေါက်လာမယ်လို့ မျှော်လင့်ထားတာ စတာတွေကြောင့် အိမ်ခြံမြေလုပ်ငန်းအပ်ါမှာ ရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုဝင်ရောက်လာပြီး ဈေးကွက်ဖွံ့ဖြိုးလာမယ်လို့ အကျိုးဆောင်အချို့က ခန့်မှန်းပါတယ်။
ဖိုးလမင်း အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းပိုင်ရှင် ဦးဝဏ္ဏစိုးက ' မြန်မာပြည်မှာ ကားဈေးဆိုလဲ ဈေတက်၊ အရောင်းအဝယ်က မကောင်းဘူး၊ အားယူနေတဲ့ စတော့(ခ်)ရှယ်ယာဈေးဆိုလဲ လုပ်ငန်းက မခိုင်မာသေးဘူး၊ မလည်ပတ်သေးဘူး၊ အိမ်ခြံမြေရင်းနှီးမြှုပ်နှံဘက်ပဲ ပိုမိုဖွံ့ဖြိုးတိုးတက်လာမယ်လို့ယူဆတယ် ' လို့ပြောပါတယ်။
' အနောက်နိုင်ငံက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဝင်လာဝင်လာ အိမ်ခြံမြေနဲ့ ကင်းကွာလို့မရဘူး။ အိမ်ခြံမြေရင်းနှီးမြှုပ်နှံပဲ ပိုမိုဖွံ့ဖြိုးတိုးတက်လာမယ်လို့ ယူဆတယ်။ တည်တည်ငြိမ်ငြိမ်နဲ့ ဈေးကွက်က လုပ်သာကိုင်သာရှိမယ့် အနေအထားမျိုး ဖြစ်လာမယ်လို့တော့ မျှော်လင့်တယ် ' လို့ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းပိုင်ရှင် ဦးမြင့်မောင်က ပြောပါတယ်။
Credit: The Modern