အစိုးရနှင့် ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်းတို့ပူးပေါင်းကာ ၀န်ထမ်းများအတွက် အငှားအိမ်ရာနှင့် အခြားအရောင်းအိမ်ရာများပါဝင်ပြီး အိမ်အခန်းပေါင်း ၇၀၀ ခန့်ရှိသည့် ကနဦးတန်ဖိုးနည်းအိမ်ရာ စီမံကိန်း (Pilot Project) ကို မြို့ကြီးသုံးခုတွင် စတင်ဆောင်ရွက်နေပြီး စီမံကိန်းလျာထားချက် ရာခိုင်နှုန်း ၅၀ မှာ ၂၀၁၈ ခုနှစ်အတွင်း ပြီးစီးမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
“အကြမ်းဖျင်းအားဖြင့် Pilot Project အနေနဲ့ကတော့ လောလောဆယ် First ပေါ့။ မျှော်မှန်းထားတာကတော့ ဒီရန်ကုန်တိုင်းမှာဆိုလည်း အခန်း ၄၀၀ ၀န်းကျင်လောက်ပေါ့လေ။ အလားတူ နေပြည်တော်မှာလည်း အခန်း ၂၀၀ လောက်ပေါ့။ မန္တလေးမှာလည်း အခန်း ၁၀၀ လောက်ပေါ့။ ဒါတွေကတော့ Plan အရ ဆွဲထားတာပေါ့။ တည်ဆောက်မှုအပိုင်းကတော့ တစ်ဆင့်ပြီးတစ်ဆင့် အငှားအိမ်ရာဆိုရင်လည်း နိုင်ငံတော်ကခွင့်ပြုတဲ့ ဘတ်ဂျက်ပေါ်မှာ မူတည်ပြီးတော့မှ တည်ဆောက်သွားမယ်။ အရောင်းအိမ်ရာဆိုလည်း ပြည်သူတွေရဲ့ ၀ယ်လိုအား ပေါ်မူတည်ပြီးတော့မှ အဆင့်လိုက်တည်ဆောက်သွားရမှာ ဖြစ်ပါတယ်” ဟု မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်က ပြောကြားသည်။
စီမံကိန်းအတွက် အစိုးရမှမြေနေရာ စီမံပေးပြီး အဆိုပါမြေနေရာအပေါ်တွင် ဆောက်လုပ်ရေးလုပ်ငန်းရှင်များဘက်မှ နည်းပညာနှင့် ဆောက်လုပ်ရေးပိုင်းကို တာဝန်ယူ တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
စီမံကိန်းအကောင်အထည်ဖော်မှုကို ပြီးခဲ့သည့်သုံးလခန့်ကစတင်ကာ အကောင်အထည်ဖော် ဆောင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် တည်ဆောက်ရေးလုပ်ငန်းများ၊ မြေပြုပြင်ရေး လုပ်ငန်းများကို စတင်ဆောင်ရွက်နေကာ လာမည့် ၂၀၁၈ ခုနှစ်တွင် စီမံကိန်းလျာထားမှု၏ ရာခိုင်နှုန်း ၅၀ အထိကို အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
“ပြီးမယ့် Terget ဆိုတာကတော့ အိမ်ရာစီမံကိန်းတွေဆိုတာက စဉ်ဆက်မပြတ် ထုတ်လုပ်သွားရမှာ။ Pilot Project အနေနဲ့ကလည်း တစ်ဆင့်ပြီးတစ်ဆင့်ပါပဲ။ ခန့်မှန်းခြေအနေနဲ့ကတော့ နေပြည်တော်မှာဆို စနေပြီလေ။ အလုံး ၂၀ လောက်စမယ်။ လေးထပ်ကလည်း လေးထပ်ဆိုတော့ လာမယ့် ၂၀၁၈ ထဲမှာတော့ ရာခိုင်နှုန်း ၅၀ လောက် အဲဒီလောက် မျှော်မှန်းပြီးဆောက်မယ်။ အလားတူ မန္တလေးမှာလည်း အဲဒီလိုပဲပေါ့” ဟု ညွှန်ကြားရေးမှူး ဦးမင်းထိန်က ပြောကြားသည်။
စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးပါက နိုင်ငံဝန်ထမ်းများနှင့် ပြည်သူများကို ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှ နှစ်ရှည်အရစ်ကျစနစ်ဖြင့် ၀ယ်ယူခွင့် ရရှိအောင် ဆောင်ရွက်ပေးသွားမည် ဖြစ်သည်။
“ဒီထွက်ပေါ်လာတဲ့ အိမ်ရာတွေကိုလည်း ပြည်သူတွေ အိမ်ရာပိုင်ဆိုင်ခွင့်ရဖို့အတွက် အဲဒါကိုလည်း ငွေကြေးပိုင်းဆိုင်ရာအတွက်ကိုလည်း ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်က နှစ်ရှည်အရစ်ကျစနစ် Housing Mortgage စနစ်တွေနဲ့ ၀ယ်ယူခွင့်တွေ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်” ဟု ဦးမင်းထိန်က ပြောကြားသည်။
အဆိုပါစီမံကိန်းအတွက် ရန်ကုန်တိုင်းဒေသကြီးတွင် ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ၁၈၃ ဧက၊ နေပြည်တော်တွင် ဧက ၁၀၀ နှင့် မန္တလေးတိုင်းဒေသကြီးတွင် တည်ဆောက်မည့် မြေဧက အကျယ်ကို မသိရှိရသေးကြောင်း သိရသည်။
Credit: Eleven Media Group