တောင်ဥက္ကလာပမြို့နယ်နှင့် မြောက်ဒဂုံမြို့နယ်များသို့ဖြတ်သန်းသွားလာနိုင်မည့် ငမိုးရိပ်ချောင်းကူးတံတားဖွင့်ပွဲကို ဒီဇင်ဘာ ၂၈ ရက် နံနက် ၆ နာရီတွင်ပြုလုပ်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီမှသိရသည်။ လက်ရှိတွင် ယင်းတံတား ပေါ်မှ ယာဉ်များစမ်းသပ်ဖြတ်သန်း မောင်းနှင်ခွင့်ကို နိုဝင်ဘာ ၂၉ ရက် ကစတင်ခွင့်ပြုခဲ့သည့်အတွက် မော် တော်ယာဉ်များဖြတ်သန်းမောင်းနှင်နေပြီဖြစ်သည်။
မြောက်ဒဂုံမြို့နယ်ဘက်အဆင်းတွင် ကွန်ကရစ်တုံးများဖြင့် လမ်းပတ်မောင်းနှင်ရန် စီစဉ်ထားပြီး ယင်းကွန်ကရစ်တုံးများကြောင့် ကားများမောင်းနှင်ရအခက်အခဲရှိ၊ မရှိအခြေအနေကိုစိစစ်၍ဆက်လက်ထားမည်၊ မထားမည်ကိုဆုံး ဖြတ်မည်ဖြစ်ကြောင်း ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မတီ၊ ကော်မတီဝင်(၄)ဖြစ်သူ ဒေါ် မေမေသွယ်က ဒီဇင်ဘာ ၂၆ ရက်တွင် ဒီမိုကရေစီတူဒေးသို့ပြောသည်။
''မြောက်ဒဂုံဘက်ခြမ်းက တံတားဆင်းဆင်းချင်းမှာ ကွန်ကရစ် တုံးတွေချထားတယ်ဆိုတာက ကားတွေက အရှိန်နဲ့ဆင်းလာတဲ့အခါမှာ တံတားအောက်ခြေက လမ်းလေးကကျဉ်းတော့ ယာဉ်အန္တရာယ်တစ်စုံတစ်ရာမဖြစ် အောင်တုံးတွေချထားပြီး ပတ်လမ်းလုပ်ပေးထားတယ်။ ဖွင့်ပွဲအ ခမ်းအနားကိုတော့ ဒီဇင်ဘာ ၂၈ ရက်မှာပြုလုပ်မယ်''ဟု ၎င်းက ပြောသည်။ ယာဉ်ကြောကျပ်တည်းမှုကို ဖြေလျှော့နိုင်ရေးအစီအမံတစ်ရပ်အနေဖြင့် အဆိုပါတံတားတည် ဆောက်ရန် ၂ဝ၁၆ ခုနှစ်ဒီဇင်ဘာကတင်ဒါခေါ်ယူခဲ့ခြင်းဖြစ်သည်။
ယင်းတံတားကို ယခုနှစ် ဧပြီ ၁ ရက်ကစတင်တည်ဆောက်ခဲ့ ခြင်းဖြစ်ပြီး စက်တင်ဘာလအတွင်းက တည်ဆောက်မှုမှာပြီးစီးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ငမိုးချောင်းကူးတံတားမှာ နှစ်လမ်းသွားဖြစ်ပြီး တောင်ဥက္ကလာပ၊ သစ္စာလမ်းနှင့်ဒဂုံမြို့သစ် (မြောက်ပိုင်း)ငါးမာန်အောင်ဘုရားလမ်းတို့ကို ဆက်သွယ်ထားသည့် တံတားဖြစ်သည်။
ယင်းနှင့်ပတ်သက်ပြီး တက္ကစီယာဉ်မောင်းတစ်ဦးဖြစ်သူ ဦးကျော်စိုးလှိုင်က''အရင်ကမြောက်ဒဂုံဘက် ကိုသွားချင်ရင် ဘေလီတံတားဘက်လမ်းတစ်ခုထဲရှိတယ်။ ခုကဒီတံတားကြီးပြီးသွားတော့တော် တော်လေးအဆင်ပြေတယ်။ ခုလတ်တလောထိကတော့ အဲဒီတံတားဘက်ခြမ်းမှာ ယာဉ်ကြော ကျပ်တည်းမှုအခြေအနေကမတွေ့ရသေးဘူး။ ဖြတ်လမ်းသဘောဖြစ် နေတော့ တောင်ဥက္ကလာဘက်က နေဖြတ်ချလိုက်ရင်မြန်သွားတယ်။ သစ္စာလမ်းမကြီးကလည်း ချဲ့ထား တော့အဆင်ပြေပါတယ်''ဟု ပြောသည်။
ငမိုးချောင်းကူးတံတား မ တည်ဆောက်ခင်ကယင်းတံတား တည်ဆောက်သည့်နေရာသည် ချောင်းကူးသမ္ဗာန်ဆိပ်ဖြစ်သည်။ငမိုးရိပ်တံတားချောင်းကူးတံတားကို မြတ်နိုးသူကုမ္ပဏီက တည် ဆောက်ခဲ့ခြင်းဖြစ်သည်။
Credit: Democracytoday