ထိုင်းနိုင်ငံ၊ နခွန် ရပ်ချစီမားပြည်နယ်၊ ပတ်ခြုံခရိုင်တွင် စိုက်ပျိုးမြေအဖြစ် အသုံးပြုရန် ထားရှိသော သစ်တောမြေ ဧက ၆၀ ခန့်ကို အရာရှိများက တရားမဝင် အမည်ပေါက်စာရွက်စာတမ်းများ ပြုလုပ်ကာ ရောင်းစားမှု ပေါ်ပေါက်ခဲ့ကြောင်း ဘန်ကောက်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ခေါက်ရိုင်အမျိုးသားဥယျာဉ်အဝင်ပေါက်အနီးရှိ ရိုင် ၁၅၀ (၅၉ ဒသမ ၃ ဧက) ခန့် ကျယ်ဝန်းသော မြေနေရာကို စိုက်ပျိုးရေးမြေယာ ပြုပြင်ပြောင်းလဲရေးရုံး (ALRO) မှ အရာရှိ ၁၂ ဦးက တရားမဝင်စာရွက်စာတမ်းများ ပြုလုပ်ကာ ရောင်းစားခဲ့ခြင်းဖြစ်သည်။
အဆိုပါမြေနေရာကို စုစုပေါင်းတန်ဖိုး ဘတ်ငွေ ၁ ဒသမ ၅ ဘီလီယံဖြင့် ရောင်းစားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး ကော်မရှင် (PACC) မှ အထွေထွေအတွင်းရေးမှူး ဒုတိယဗိုလ်မှူးကြီး Kornthip Daroj က ပြောကြားရာတွင် ALRO မှ မြေယာအရာရှိ ချူချစ်ပ် ဟော်ခွန်သော့ဒ် အပါအဝင် အရာရှိ ၁၂ ဦးကို နခွန် ရပ်ချာစီမာ တရားရုံးတစ်ခုက ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်လိုက်ကြောင်း ပြောကြားသည်။
ဒုဗိုလ်မှူးကြီး ခွန်သစ်က ဆက်လက်ပြောကြားရာတွင် ခေါက်ရိုင်အမျိုးသားဥယျာဉ်အနီးရှိ မြေကွက် ၉ ကွက်၏ ပိုင်ဆိုင်မှုဆိုင်ရာ အချက်အလက်များကို PACC က စစ်ဆေးခဲ့ခြင်းဖြစ်ပြီး မြေယာနေထိုင်ခွင့် စာရွက်စာတမ်းကို ပိုင်ဆိုင်မှုစာရွက်စာတမ်းအဖြစ် ပြောင်းလဲခဲ့သည်ကို တွေ့ရှိခဲ့ရသည်ဟု ဆိုသည်။
ယင်းမြေကွက်များကို အခြားအစိုးရအရာရှိ အများအပြားထံ ၁ ရိုင် (၀ ဒသမ ၃၉ ဧက) လျှင် ဘတ်ငွေ ၁၀ သန်း ( ကန်ဒေါ်လာ ၃၀၄၀၀၀) ဝန်းကျင်ဖြင့် ရောင်းချခဲ့ကြခြင်း ဖြစ်သည်။
အဆိုပါမြေကွက်များ၏ ပိုင်ဆိုင်မှုကို ပယ်ဖျက်ကာ နိုင်ငံတော်သို့ ပြန်လည်ပေးအပ်ရေးအတွက် မြေယာဦးစီးဌာနကို နောက်ပိုင်းတွင် PACC အနေဖြင့် တောင်းဆိုသွားမည်ဖြစ်ကြောင်းလည်း ဒုဗိုလ်မှူးကြီး ခွန်သစ်ပ်က ပြောကြားသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)