ရန်ကုန်တိုင်းအစိုးရအဖွဲ့က တွံတေးတံတားအနီးတွင် စက်မှုဇုန်နှင့် တန်ဖိုးနည်းအိမ်ရာများ တည်ဆောက်ရန် စီစဉ်ပြီးဖြစ်ရာ လယ်ပိုင်ရှင်များကို တစ်ဧကလျှင် ၂၀ ရာခိုင်နှုန်း မြေအစားပြန်ပေးမည်ဟု ရန်ကုန်တိုင်းအစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး ဦးဇော်အေးမောင်က ပြောကြားသည်။
“လယ်သမားအစစ်တွေက လယ်လုပ်လို့ အဆင်မပြေတော့ဘူး။ လယ်မြေကို မြို့မြေအဖြစ် သတ်မှတ်ချင်တယ်။ မြို့မြေအဖြစ် သတ်မှတ်ဖို့ ပုဂ္ဂလိကကိုပေးလို့မရဘူး။ ဥပဒေအရ လယ်ယာမြေပေါ်မှာ ဘာအဆောက်အအုံမှ ဆောက်လို့မရဘူး။ ဆောက်ရင် ဥပဒေအရ အရေးယူခံရမယ်။ ထောင်ချခံရမယ်။ ဒါ့ကြောင့် လယ်သမားတွေအနေနဲ့ အစိုးရကိုအပ်။ လယ်မြေကို မြို့မြေအဖြစ် သတ်မှတ်ပေးမယ်။ မြို့မြေဖြစ်သွားရင် လယ်သမားကို ၂၀ ရာခိုင်နှုန်းပြန်ရမယ်”ဟု ၎င်းက ပြောဆိုသည်။
တွံတေးတံတားအဆင်းတွင် စက်မှုဇုန်နှင့် တန်ဖိုးနည်းအိမ်ရာများ တည်ဆောက်နိုင်ရေးအတွက် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဆောင်သော တိုင်းအစိုးရအဖွဲ့နှင့် လယ်မြေပိုင်ရှင်များ ဒီဇင်ဘာလ တတိယပတ်အတွင်းက ညှိနှိုင်းခဲ့ခြင်းနှင့်ပတ်သက်၍ ဦးဇော်အေးမောင်က ပြောကြားခြင်းဖြစ်သည်။
ဒီနေရာမှာ စက်ရုံတွေဆောက်မယ့် လုပ်ငန်းရှင်တွေကို အစိုးရက သက်သာတဲ့ဈေးနှုန်းနဲ့ မြေငှားပေးမယ်။ ပန်းလှိုင်မြစ်ရှိနေတဲ့အတွက် သယ်ယူစရိတ် လျှော့ချနိုင်ပြီး အလုပ်သမားတွေကို လစာပိုပေးနိုင်မယ်။ ဒီရည်ရွယ်ချက်တွေနဲ့ စက်မှုဇုန်တည်ဖို့လုပ်နေတာ”ဟု ၎င်းက ဆိုသည်။
စက်မှုဇုန် တည်ဆောက်လိုသူများအနေနှင့် လှိုင်သာယာ၊ ရွှေပြည်သာရှိ စက်မှုဇုန်များထက် သက်သာသည့် ဈေးနှုန်းဖြင့် မြေငှားပေးမည်ဖြစ်ကာ ဈေးနှုန်းသတ်မှတ်နိုင်ရန် ဆွေးနွေးနေသည်ဟု ရန်ကုန်တိုင်း အစိုးရအဖွဲ့ထံမှ သိရသည်။
တန်ဖိုးနည်းအိမ်ရာ အကောင်အထည်ဖော်ရန်အတွက် ရန်ကုန်တိုင်း အစိုးရအဖွဲ့နှင့် အင်ဒိုနီးရှားနိုင်ငံ ပက်ဂျာယာဆောက်လုပ်ရေး ကုမ္ပဏီတို့အကြား နားလည်မှုစာချွန်လွှာ ရေးထိုးထားပြီး နမူနာအိမ်ရာများ ဆောက်လုပ်ရန် စီစဉ်ထားကြောင်းလည်း ရန်ကုန်တိုင်း အစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးက ပြောဆိုသည်။
ရန်ကုန်တိုင်း အစိုးရအဖွဲ့အနေနှင့်မူ အဆိုပါနေရာမှ မြေဧကလေးထောင်ကို မြို့မြေအဖြစ်သတ်မှတ်၍ ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှ စတင်ကာ သုံးလအတွင်း စက်မှုဇုန်နှင့် တန်ဖိုးနည်းအိမ်ရာများ အကောင်အထည်ဖော်ရန် စီစဉ်ထားသည်။
Credit: The Voice