အမေရိကန်ပြည်ထောင်စု၊ တက္ကဆပ်ပြည်နယ်၊ ဒါးလက်စ်မြို့တွင် စစ်ပြန်အမျိုးသမီးတစ်ဦးမှာ နေအိမ်တစ်လုံး အခမဲ့ ရရှိခဲ့ကြောင်း အမေရိကန်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
စစ်ပြန်များ ကူညီရေးဖောင်ဒေးရှင်းတစ်ခုမှ ပေးအပ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။အမေရိကန်စစ်သမီးတစ်ဦးဖြစ်သူ အီရီကာ ကော်လေက ပြောကြားရာတွင် မိခင်ဖြစ်သူထံမှ အိမ်ခြံမြေနှင့် ပတ်သက်သည့် အကောင်းဆုံးအကြံဥာဏ်ရရှိခဲ့ခြင်းဖြစ်ကြောင်းနှင့် အခြားသူများအနေဖြင့်လည်း မိခင်စကားနားထောင်သင့်ကြောင်း တိုက်တွန်းခဲ့သည်။
ကော်လေသည် ရေမြေခြားတွင် စစ်မှုထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ရာ စစ်ပြန်များကို အထောက်အကူပေးနေသည့် အဖွဲ့အစည်းဖြစ်သော Operation Homefront တွင် နေအိမ်လျှောက်ထားရန် တိုက်တွန်းခဲ့သည်။
“မိခင်တွေဟာ အမြဲမှန်တယ်” ဟု ကော်လေက အရွှန်းဖောက်ပြောကြားသည်။
“အမေက အဲဒါကိုပဲ အမြဲတမ်းပြောနေတော့ ကျွန်မလည်းနောက်ဆုံးမှာ သူပြောသလို လုပ်ခဲ့တယ်” ဟု ကော်လေက ဆိုသည်။
ထိုအချိန်က ကော်လေသည် မိဘများနှင့်အတူ နေထိုင်လျက်ရှိပြီး ယခုလျှောက်ထားမှုမှ နေအိမ်ရရှိလာလိမ့်မည်ဟု လုံးဝမျှော်လင့်ခဲ့ခြင်း မရှိချေ။
သို့ရာတွင် နေအိမ်တစ်လုံးရရှိသည်ဟူသည့်သတင်းကြားရချိန်တွင် များစွာအံ့အားသင့်သွားခဲ့သည်ဟု ဆိုသည်။ယင်းနောက်ပိုင်းတွင်ကား စာရွက်စာတမ်းကိစ္စရပ်များ များစွာလိုက်လံလုပ်ဆောင်ခဲ့ရသည်။
“သူတို့က ပုံစံစာရွက်တစ်ခုပေးပြီး ၃ ရက်အတွင်း ပြန်တင်ရမယ်လို့ပြောရင် ကျွန်မက နေ့ချင်းပဲ ပြန်တင်တယ်။ ကျွန်မ အချိန်တွေ ဖြုန်းမနေခဲ့ဘူး” ဟု ကော်လေက ဆက်လက်ပြောကြားသည်။
Operation Homefront က ၎င်းတို့၏ နေအိမ်ထောက်ပံ့မှုအတွက် ကော်လေကို နောက်ဆုံးတွင် ရွေးချယ်လိုက်ကြသည်။
အဆိုပါနေအိမ်မှာ ဘဏ်ချေးငွေပြန်လည်ပေးဆပ်ရန် မလိုသကဲ့သို့ လစဉ်အိမ်လခလည်း ပေးရန်မလိုချေ။
“ကျွန်မအရမ်းစိတ်လှုပ်ရှားခဲ့ရတယ်။ သားကတောင်ပြောတယ်..အရမ်းကောင်းတယ် မေမေ..တဲ့” ဟု ကော်လေက ဝမ်းမြောက်စွာ ပြောကြားသည်။
ကော်လေတွင် ၁၃ နှစ်အရွယ် သားတစ်ဦးနှင့် ၁၁ နှစ်အရွယ်သမီးတစ်ဦးတို့ရှိပြီး ခင်ပွန်းဖြစ်သူ မရှိချေ။
Operation Homefront သည် အမေရိကန်စစ်ပြန်များကို လူနေအိမ်များ ပေးအပ်ကူညီနေသည့် အဖွဲ့အစည်းများစွာတွင် တစ်ခုအပါအဝင် ဖြစ်သည်။
သို့ရာတွင် Homes for Our Troops နှင့် Building Homes for Heroes တို့ကဲ့သို့ အဖွဲ့အစည်းများမှာ စစ်မှုထမ်းချိန်တွင် ထိခိုက်ဒဏ်ရာ ရရှိကာ မသန်စွမ်းဖြစ်သွားကြသည့် စစ်ပြန်များအတွက်သာ ထောက်ပံ့ကူညီကြခြင်း ဖြစ်သည်။
Operation Homefront က အကူအညီပေးသည့် နယ်ပယ်မှာမူ ပိုမိုကျယ်ဝန်းပြီး အမျိုးသမီးစစ်ပြန်များအပါအဝင်၊ အိမ်ထောင်ဖက် ၂ ဦးလုံး စစ်မှုထမ်းဖြစ်ကြသည့် မိသားစုများကိုလည်း အကူအညီပေးလေ့ရှိသည်။
Operation Homefront ကို တည်ထောင်သည်မှာ အငြိမ်းစားလေတပ်ဗိုလ်မှူးချုပ် ဂျွန် အိုင်-ပရေး ဂျူနီယာဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)