တစ်ဦးလျှင် ကျပ်သိန်း ၅,၀၀၀ အထိရမည့် SME ချေးငွေ များကို နယ်လုပ်ငန်းရှင်များထက် ရန်ကုန်လုပ်ငန်းရှင်များကိုသာ ချေးပေးလိုကြောင်း အသေးစား၊ အလတ်စားစက်မှုလုပ်ငန်းဖွံ့ဖြိုးရေးဘဏ် (SMIDB) အမှုဆောင်အရာရှိချုပ် ဒေါက်တာ ဇေယျာညွန့်က ပြောသည်။
ဂျပန်အပြည်ပြည်ဆိုင်ရာ ပူး ပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA)က ထုတ်ပေးမည့် ချေးငွေ ကို ဂျပန်က ရန်ကုန်မြို့မှ အပ နယ်မြို့များရှိ SME (အသေး စား၊ အလတ်စား လုပ်ငန်း)ကို ချေးပေးစေလိုသော်လည်း နယ်မြို့များသည် ငွေဆုံးရှုံးမှုများနေ၍ ဘဏ် က ရန်ကုန်စက်မှုဇုန်များရှိ လုပ်ငန်းရှင်များကို ချေးပေးလိုကြောင်း ၎င်းက ပြောသည်။
‘‘ အာမခံပစ္စည်းရှိတဲ့ ခိုင်မာ မှုရော၊ လုပ်ငန်းအခြေကရော ရန်ကုန်ကသာ ကောင်းပါတယ်။ နယ်တွေမှာတော့ (ဆုံးရှုံးမှု) အ များကြီးရင်ဆိုင်တွေ့ခဲ့ရတော့ နယ်တွေထုတ်မချေးချင်ဘူးလို့ ပြောထားပါတယ် ’’ဟု ၎င်းက ပြောသည်။ ၂၀၁၈ ဖေဖော်ဝါရီအတွင်း JICA က ဒုတိယအကြိမ်ချေးငွေများ ထုတ်ချေးမည့် အစီအစဉ်ရှိပြီး ပြီးခဲ့သည့်နှစ်က ကျပ် ၁၄ ဘီလီယံကို SMIDB ဘဏ်မှ တစ်ဆင့်ထုတ်ချေးခဲ့သည်။
ချေးငွေ ယူလိုသူများသည် SMIDB ဘဏ်ခွဲများတွင် လျှောက်ထားနိုင်ပြီး အိမ်ခြံမြေလုပ်ငန်း၊ ဖျော်ဖြေရေး၊ ပျော်ပွဲရွှင်ပွဲ လုပ် ငန်း၊ အရက်ဘီယာ၊ လက်နက်ခဲ ယမ်းလုပ်ငန်းများကို ထုတ်ချေး မည်မဟုတ်ကြောင်း JICA ဘက် က ကြေညာထားသည်။
ထို့အတူ SMIDB ဘဏ်သည်၂၀၁၄ နှင့် ၂၀၁၅ အတွင်း အစိုးရထံမှ ကျပ်ဘီလီယံ ၃၀ ကို SME ချေးငွေအဖြစ် လုပ်ငန်းရှင်များထံသို့ ချေးငွေတစ်ဆင့်ထုတ်ပေးခဲ့သည်။ ယင်းတို့အနက် မကွေးတိုင်းသို့ ကျပ် ၁၁ ဘီလီယံချေးခဲ့ရာတွင် ကျပ် ၅ ဘီလီယံထက် မနည်းဆုံးရှုံးသည်ဟု ၎င်းက ဆက်လက်ပြောသည်။ ရခိုင်နှင့် ချင်းပြည်နယ်တွင်လည်း ချေးငွေများပြန်လည်မဆပ်နိုင်သည့် အနေအထားရှိနေသည်ဟု ဒေါက်တာ ဇေယျာညွန့်က ပြောသည်။
သို့သော် ရန်ကုန်စက်မှုဇုန် များရှိ SME လုပ်ငန်းများအတွက် ကျပ်သိန်း ၅,၀၀၀ သည် လုံလောက်သည့် ပမာဏမဟုတ်ကြောင်း၊ နယ်မြို့များရှိ အသေးစားလုပ်ငန်း များနှင့် လယ်ယာကဏ္ဍဖွံ့ဖြိုးရေး အတွက် ချေးငွေပေးသင့်ကြောင်း ဆန်စပါး အသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးသန်းဝင်းက ပြောသည်။
ယခုချေးငွေ အတိုးနှုန်းသည် တစ်နှစ်လျှင် ၈ဒသမ၅ ရာခိုင်နှုန်းဖြစ်ပြီး မြန်မာ့အာမခံလုပ်ငန်းသို့ လုပ်ငန်းအာမခံကြေး ၃ ရာခိုင်နှုန်းပေးသွင်းရမည် ဖြစ်သည်။ ချေးငွေသက်တမ်း ငါးနှစ်ဖြစ်ပြီး ပထမနှစ်တွင် ၁၅ ရာခိုင်နှုန်း၊ ဒုတိယနှစ်နှင့် တတိယနှစ်တွင် ၁၀ ရာခိုင်နှုန်း၊ စတုတ္ထနှစ်တွင် ၂၀ ရာခိုင်နှုန်းနှင့် နောက်ဆုံးနှစ်တွင် ၄၅ ရာခိုင်နှုန်းပြန်လည်ပေးဆပ်ရမည် ဖြစ်သည်။
ပြီးခဲ့သည့်ရက်ပိုင်း၌ အစိုးရက မြန်မာ့စီးပွားရေးဘဏ်မှတစ်ဆင့် လယ်ယာကဏ္ဍအတွက် ကျပ်ဘီလီယံ ၂၀၀၊ အသေးစားနှင့် အလတ်စား လုပ်ငန်းများအတွက် ကျပ်ဘီလီယံ ၃၀၀ နှင့် ဆောက် လုပ်ရေးကဏ္ဍအတွက် ကျပ်ဘီလီယံ ၂၀၀ ထုတ်ချေးရန်ရှိ သည်ဟု ကြေညာထားသည်။
Credit: 7Daydaily