အစိုးရဘတ်ဂျက်လိုငွေ ဖြည့်ရန် ငွေတိုက်စာချုပ်နှင့် ငွေတိုက်လက်မှတ်ကို ကျပ် ဘီလီယံ ၃၀၀ ခန့်အထိ ဗဟိုဘဏ်က ထပ်မံရောင်းချမည်ဟု မြန်မာနိုင်ငံ ဗဟိုဘဏ်ညွှန်ကြားရေးမှူး ချုပ်တစ်ဦးက ပြောသည်။
နိုင်ငံ၏ ဝင်ငွေထက် သုံးငွေ များနေခြင်းကြောင့် နှစ်စဉ်အစိုးရ ဘတ်ဂျက်တွင် လိုငွေရှိနေပြီး ယင်းကို ဖြည့်ဆည်းရန် ငွေတိုက်စာချုပ် ၃၀ ရာခိုင်နှုန်း၊ ငွေတိုက် လက်မှတ် ၃၀ ရာခိုင်နှုန်း ရောင်းချခြင်းနှင့် ဗဟိုဘဏ်မှ ၄၀ ရာခိုင်နှုန်း ငွေချေးခြင်းတို့ဖြင့် ဖြည့်ဆည်းရန် အစိုးရက မူဝါဒချမှတ်ထားသည်။
မြန်မာနိုင်ငံ ဗဟိုဘဏ်မှ အစိုးရငွေတိုက် လက်မှတ်နှင့် ငွေ တိုက်စာချုပ်များကို တစ်လလျှင် နှစ်ကြိမ်ခန့် ရောင်းချပြီး ဘဏ်များနှင့် ငွေကြေးအဖွဲ့အစည်းများက အဓိကဝယ်ယူနေကြောင်း ပြည်တွင်းပုဂ္ဂလိက ဘဏ်တစ်ခုမှ အကြီးတန်း အရာရှိတစ်ဦးက ပြောသည်။
ငွေတိုက်စာချုပ်နှင့် ငွေတိုက်လက်မှတ်များ၏ အတိုးနှုန်း တိုးမြှင့်ပေးပြီး အစိုးရ၏ ဘတ်ဂျက် လိုငွေကို ဖြည့်ဆည်းပေးရန် မြန်မာနိုင်ငံ ဗဟိုဘဏ်က
ဆောင်ရွက်နေကြောင်း ဗဟိုဘဏ်ညွှန်ကြားရေးမှူးတစ်ဦးက ဆိုသည်။
ဗဟိုဘဏ်က အစိုးရကို ငွေချေးရာတွင် ငွေစက္ကူများ အသစ်ရိုက်ထုတ်ပြီး ချေးပေးလေ့ရှိ ကြောင်း၊ ထိုသို့ ငွေစက္ကူအသစ် ရိုက်ထုတ်ပါက နိုင်ငံအတွင်း လှည့်လည်သုံးစွဲနေသော ငွေကြေးပမာဏထဲသို့ ဝင်ရောက်လာပြီး ငွေကြေးဖောင်းပွမှုဖြစ်လာကြောင်း၊ ငွေကြေးဖောင်းပွမှုဖြစ်လာပါက မြန်မာကျပ်ငွေတန်ဖိုးကျဆင်းပြီး ကုန်ဈေးနှုန်းကြီးမြင့်မှုကို ဖြစ်ပေါ်စေကြောင်း စီးပွားရေးပညာရှင် ဦးဇော်ဖေဝင်းက ပြောသည်။
သို့သော် ဘတ်ဂျက်လိုငွေ ဖြည့်ပေးနေသည့် ငွေတိုက်စာချုပ် ရောင်းချမှုကို ပြည်သူအများသိရှိ နိုင်ရေး အစိုးရက အသိပညာပေး မှုများ ပိုမိုလုပ်ဆောင်ရန် လိုအပ် ကြောင်း အုတ်တွင်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ချိုချိုက နိုဝင်ဘာ၌ 7Day Daily သတင်းစာအား ပြောကြားသည်။
အစိုးရ ဘတ်ဂျက်လိုငွေ ဖြည့်ဆည်းရန် ငွေတိုက်စာချုပ် ရောင်းချခြင်းက ၂၀၁၇ တွင် ၃၃ ရာခိုင်နှုန်းရှိသော်လည်း ငွေတိုက် လက်မှတ်ရောင်းချခြင်းက ၁၇ ရာခိုင်နှုန်းခန့်သာ ရှိသည်။
ထို့ ကြောင့် အစိုးရက ဗဟိုဘဏ်မှ မူလချေးယူရန် စီစဉ်ထားသည့် ကျပ်ဘီလီယံ ၁,၂၀၀ အပြင် ဘီ လီယံ ၅၀၀ ထပ်မံချေးယူရန် စီစဉ်ရကြောင်း ဒေါ်ချိုချိုက ပြောသည်။
Credit: 7Daydaily