ဈေးနှုန်း အလှုပ်အခတ် များနေသော ရွှေဈေးသည် ယခုရက်ပိုင်းအတွင်း
ကမ္ဘာ့ရွှေဈေး တက်ခြင်းကြောင့် ပြည်တွင်း ရွှေဈေးများ လိုက်ပါမြင့်တက်ကြောင်း ရွှေဈေးကွက်အတွင်းမှ သိရသည်။
ကမ္ဘာ့ရွှေဈေးသည် ပြီးသည့်ရက်ပိုင်းကထက် တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၂၀ ကျော်အထိ မြင့်တက်ပြီး ပြည်တွင်း အခေါက်ရွှေဈေးမှာ တစ်ကျပ်သားလျှင် ကျပ် ၈၀ဝ၀ ခန့်အထိ မြင့်တက်ကြောင်း ယင်းဈေးကွက်အတွင်းမှ သိရသည်။
“အရောင်းအဝယ်က ပုံမှန်ပဲ။ ဆက်တက်မလား၊ ကျမလား ဆိုတာကတော့ ကမ္ဘာ့ဈေးအပေါ်ပဲ မူတည်တယ်။ ကမ္ဘာ့ဈေးကတော့ ကြားတာကတော့ စတော့ ဈေးတွေကျလို့ တက်လာတာပါ”ဟု တိတ်စိန်ရွှေဆိုင်ပိုင်ရှင် ဦးဇော်အောင်က ပြောဆိုသည်။
စတော့ဈေးနှုန်းများ ကျဆင်းပါက ရွှေဈေး တက်လေ့ရှိပြီး ပြည်တွင်း ရွှေဈေးသည်လည်း ကျပ်ကိုးသိန်းအောက်သို့ ပြန်လည်ကျဆင်းဖွယ် မရှိကြောင်း ရွှေလုပ်ငန်းရှင်များက ဆိုသည်။
ပြည်တွင်းရွှေဈေးသည် ဇူလိုင်လအတွင်းမှစတင်၍ စံချိန်တင် ဈေးနှုန်းဖြစ်သည့် ကျပ်ကိုးသိန်းကျော်သို့ စတင်ရောက်ရှိခဲ့ပြီးနောက်ပိုင်း ကျပ်ကိုးသိန်းခွဲအထိ ဆက်တိုက် မြင့်တက်ခဲ့ကာ အောက်တိုဘာလရောက်မှသာ ယင်းဈေးအောက်သို့ ပြန်လည် ကျဆင်းခဲ့သည်။
ကမ္ဘာ့ရွှေဈေးသည် ပြီးခဲ့သည့် ရက်ပိုင်းက တစ်အောင်စလျှင် အမေရိကန် ဒေါ်လာ ၁၂၅၄ မှ ယခုအခါ ၁၂၇၅ ဒေါ်လာသို့လည်းကောင်း၊ ပြည်တွင်း ရွှေဈေးသည် ယခင်က အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၉၁၆,ဝ၀ဝ မှ ယခုအခါ ကျပ် ၉၂၄,ဝ၀ဝ ခန့်သို့လည်းကောင်း မြင့်တက်ကြောင်း ရွှေဈေးကွက်အတွင်းမှ သိရသည်။
Credit: The Voice