ဟောင်ကောင်အချမ်းသာဆုံးသူဌေးကြီး လီကာရှင်းသည် ဟောင်ကောင်တွင် အမြင့်မားဆုံး အဆောက်အအုံများ၌ တစ်ခုအပါအဝင် ဖြစ်သည့် ၇၃ ထပ် မိုးမျှော်တိုက်ကြီးကို ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ရောင်းချပြီး တစ်လသာရှိသေးချိန်တွင် ယခုအခါ ဈေးဝယ်စင်တာ တစ်ခုကို ဟောင်ကောင်ဒေါ်လာ ၂ ဘီလီယံဖြင့် ထပ်မံရောင်းချလိုက်ပြန်ကြောင်း ရှန်ဟိုင်းအခြေစိုက် အိမ်ခြံမြေသတင်း ဝက်ဘ်ဆိုက် တစ်ခုတွင် ဖော်ပြသည်။
လီကာရှင်း၏ CK Asset Holdings လက်အောက်ခံကုမ္ပဏီတစ်ခုဖြစ်သော ဟောင်ကောင်အခြေစိုက် အိမ်ခြံမြေကုမ္ပဏီ Fortune REIT မှတစ်ဆင့် ရောင်းချလိုက်ခြင်းဖြစ်ပြီး ဟောင်ကောင်၏ အချက်အခြာဒေသ North Point တွင် တည်ရှိသော Provident Square ဈေးဝယ်စင်တာကို ဟောင်ကောင်ဒေါ်လာ ၂ ဘီလီယံ (ကန်ဒေါ်လာ ၂၅၆ သန်း) ဖြင့် ရောင်းချလိုက်ခြင်းဖြစ်သည်။
ဝယ်လက်မှာ Pamfleet Group ဖြစ်ပြီး ဗြိတိန်အခြေစိုက် အိမ်ခြံမြေကုမ္ပဏီ Chelsfield ၏ လက်အောက်ခံကုမ္ပဏီတစ်ခု ဖြစ်သည်။
Provident Square ဈေးဝယ်စင်တာတွင် အငှားချထားနိုင်သည့် ဧရိယာအကျယ်အဝန်း ၁၈၀၂၃၈ စတုရန်းပေ ( ၁၆၇၄၅ စတုရန်းမီတာ) ရှိပြီး ယခုနှစ်ဇွန်လကုန်ပိုင်းအချက်အလက်များအရ ငှားရမ်းထားမှုပမာဏမှာ အဆောက်အအုံ၏ ၉၄ ရာခိုင်နှုန်းရှိသည်ဟု ဆိုသည်။
၂၀၁၇ ခုနှစ် ပထမနှစ်ဝက်တာကာလအတွင်း Provident Square ဈေးဝယ်စင်တာ၏ ဝင်ငွေမှာ ဟောင်ကောင်ဒေါ်လာ ၁၈ သန်းရှိပြီး ယင်းပမာဏမှာ Fortune REIT အတွက် စုစုပေါင်း ပထမ ၆ လပတ်ဝင်ငွေ၏ ၂ ဒသမ ၅ ရာခိုင်နှုန်း ရှိသည်။
၁၉၈၂ ခုနှစ်က ဗင်တေ့ခ်ျဗိသုကာဟန်ဖြင့် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး လူလတ်တန်းစားများ နေထိုင်ရာဒေသတွင် တည်ရှိသည်။
Fortune REIT က ၂၀၁၂ ခုနှစ်အတွင်း ဟောင်ကောင်ဒေါ်လာ သန်း ၆၅၀ (ကန်ဒေါ်လာ ၈၃ သန်း) ဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
Fortune REIT သည် လက်ရှိအားဖြင့် ဟောင်ကောင်တွင် ဈေးဝယ်စင်တာပေါင်း ၁၇ ခု ပိုင်ဆိုင်ထားပြီး စုစုပေါင်းအကျယ်အဝန်း ပမာဏအားဖြင့် စတုရန်းပေ ၃ ဒသမ ၁၈ သန်း ရှိသည်။
Chelsfield သည် လန်ဒန်အခြေစိုက် အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကုမ္ပဏီတနစ်ခုဖြစ်ပြီး ပြီးခဲ့သော ၂၀၁၆ ခုနှစ်မှစ၍ အာရှသို့ စီးပွားရေးလုပ်ငန်းများ ချဲ့ထွင်လာခဲ့သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)