တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံကို ဆက်သွယ်ပေးမည့် မြန်နှုန်းမြင့်ရထားလမ်းပိုင်းကို စီမံကိန်းဖွင့်လှစ်ပွဲအခမ်းအနားနှင့်အတူ စတင်ဖောက်လုပ်ပြီဖြစ်သည်။
ယခုစတင်ဖောက်လုပ်သည်မှာ တရုတ်-ထိုင်း ရထားလမ်းမှ လမ်းပိုင်းငယ်တစ်ခုကို စတင်ဖောက်လုပ်ခြင်းလည်း ဖြစ်သည်။
တည်ရှိပြီးဖြစ်သော ဘူတာရုံ ၂ ခုဖြစ်သော ကလန်ဒေါင်နှင့် ပန်အေဆော့ခ်တို့အကြား ၃ ဒသမ ၅ ကီလိုမီတာ လမ်းပိုင်းကို စတင်ဖောက်လုပ်ခြင်းဖြစ်ပြီး တရုတ်နိုင်ငံမှ အင်ဂျင်နီယာများ ကွပ်ကဲမှုပေးခဲ့သည်။
နခွန် ရပ်ချာစီမာမြို့၊ မော်လက်ခ်ဟင်အရပ်တွင်ကျင်းပသည့် ဖွင့်ပွဲအခမ်းအနားသို့ ထိုင်းဝန်ကြီးချုပ် ပရာယု ချန်အိုချာ တက်ရောက်ကာ စီမံကိန်းစတင်ကြောင်း ကြေညာခဲ့သည်။
မော်လက်ခ်ဟင်အရပ်သည် ဘန်ကောက်မှ နခွန် ရပ်ချာစီမာသို့ ဖောက်လုပ်သည့် ပထမဆုံးမီးရထားလမ်းကို ၁၈၆၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်တွင် စတင်ဖောက်လုပ်ခဲ့ရာ ထိုင်းဘုရင် ရာမ (၅) က ကွပ်ကဲမှုပေးခဲ့ဖူးသည့်နေရာ ဖြစ်သည်။
ထိုင်း-တရုတ်ရထားလမ်း စီမံကိန်းသည် ထိုင်းနိုင်ငံအတွင်း သယ်ယူပို့ဆောင်ရေးဆိုင်ရာ အခြေခံအဆောက်အအုံများ တိုးတက်ဖွံ့ဖြိုးစေရန်နှင့် အခြားအရှေ့တောင်အာရှနိုင်ငံများနှင့် ချိတ်ဆက်ရန် ရည်ရွယ်သည့် အစိုးရ၏ မူဝါဒကို လှစ်ဟပြသလိုက်ခြင်းဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ်က ပြောကြားသည်။
ထိုင်း-တရုတ်ရထားလမ်းဖောက်လုပ်ရန် ပရာယုသည် ဗိုလ်ချုပ်ကြီးအဖြစ်ရှိနေချိန်ကတည်းကပင် တရုတ်ဝန်ကြီးချုပ် လီကီကျင်းနှင့် ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလတွင် နားလည်မှုသဝဏ်လွှာစာချုပ်ချုပ်ဆိုခဲ့ပြီးဖြစ်ကာ အကောင်အထည်ဖော်ရန် နှောင့်နှေးနေခဲ့ခြင်းလည်း ဖြစ်သည်။
ဘန်ကောက်မှ နခွန် ရပ်ချာစီမာအထိ အကွာအဝေးမှာ ၂၅၂ ကီလိုမီတာရှိပြီး ဘူတာရုံ ၆ ခု ထည့်သွင်းဆောက်လုပ်သွားရန် စီစဉ်ထားသည်။
စီမံကိန်းပထမဆင့်မှာ ကလန်ဒေါင်မှ ပန်အေဆော့ခ်အထိ ၃ ဒသမ ၅ ကီလိုမီတာလမ်းပိုင်းဖြစ်ပြီး လာမည့် ၂၀၂၂ ခုနှစ်တွင် ဖွင့်လှစ်နိုင်ရန် ရည်မှန်းထားသည်။
ရထားလမ်းပြီးစီးသွားပါက တစ်နာရီလျှင် ၂၅၀ ကီလိုမီတာနှုန်းဖြင့် ခုတ်မောင်းနိုင်မည်ဖြစ်ကာ ဘန်ကောက်မှ နခွန်ရပ်ချာစီမာသို့ မိနစ် ၉၀ ခန့်ဖြင့် ရောက်ရှိနိုင်မည်ဟု ဆိုသည်။
ရထားလမ်းစတင်ဖောက်လုပ်မှု အခမ်းအနားသို့ တရုတ်နိုင်ငံမှ အမျိုးသားဖွံ့ဖြိုးရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင် ဒုတိယဥက္ကဌ ဝမ်ရှောက်တောင်တက်ရောက်ခဲ့သည်။
ဘန်ကောက်မှ နခွန်ရပ်ချာစီမာသို့ အကွာအဝေးမှာ ၂၅၉ ကီလိုမီတာ (၁၆၀ ဒသမ ၉ မိုင်) ဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)