ရခိုင်ပြည်နယ် အတွက် အထောက်အပံ့အကူအညီအဖြစ် Assemble Boat House (ဆောက်လုပ်ပြီးနေအိမ် ) အလုံး ၁၀၀ ကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံက ယခုလအတွင်းမှာ ရန်ကုန်ဆိပ်ကမ်းကို ပို့ဆောင်ပေးမယ်လို့ သိရပါတယ်။
ဒီဇင်ဘာ ၁၁ ရက်နေ့က တရုတ်ပြည်ရှန်ဟိုင်းကနေ Assemble Boat House (ဆောက်လုပ်ပြီးအိမ် ) တွေကို ထည့်လာတဲ့ ကွန်တိန်နာတွေကို တင်ဆောင်လာတဲ့ သဘောင်္ထွက်ခွာလာပြီး ဒီဇင်ဘာအတွင်း ရန်ကုန်မြစ်ဝကို ဆိုက်ရောက်လာမယ်လို့ သိရပါတယ်။
' Assemble Boat House ကတော့ ကွန်တိန်နာလိုအထဲမှာ ခုတင်တွေလဲ ပါပြီးသား၊ ဗီရိုတွေလဲ ပါပြီးသား၊ နောက်စားပွဲတွေလဲ ပါပြီးသား၊ တစ်ခါတည်း အိမ်လို့ရတဲ့ အနေအထားမျိုး ဖြစ်ပါတယ် ' လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြောပါတယ်။
ပြီးခဲ့တဲ့လအတွင်းက ရခိုင်ပြည်နယ်စစ်တွေမြို့နဲ့ ကျောက်ထိုမြို့မှာ မော်ဂျူလာဟောက်စ် ၁၀ လုံးကို ဆောက်လုပ်ရေးဝန်ကြီးဌာန အနေနဲ့ သွားရောက် ဆောက်လုပ်ခဲ့ပြီး ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ထံ လွှဲပြောင်းပေးအပ်တဲ့ပွဲကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
' အဲဒီအခါမှာ တရုတ်သံအမတ်ကြီး ကလိုရင်ထပ်ပြောဖို့ ပြောလို့ ဝန်ကြီးဦးဝင်းခိုင်က အလုံး ၁၀၀ လောက်လှူပါလို့ ပြောတော့ အဲဒါကို သူက အခုလိုလှူခြင်း ဖြစ်ပါတယ် ' လို့ ဒုတိယဝန်ကြီးဦးကျော်လင်းက ပြောပါတယ်။
ယခုရောက်ရှိလာမယ့် Assemble Boat House တွေက တပ်ဆင်ပြီး ကွန်တိန်နာတွေထဲမှာ ထည့်သွင်းလာတာဖြစ်ပြီး လက်ရှိရခိုင်မှာ ဆောက်လုပ်ခဲ့တဲ့ တစ်စစီသယ်ယူလာပြီး ပြန်လည် ဆောက်လုပ်ရတဲ့ပုံစံမျိုးမဟုတ်ဘူးလို့ သိရပါတယ်။
အခုရောက်ရှိလာမယ့် ကွန်တန်နာတွေ တင်ဆောင်လာတဲ့ သင်္ဘောကြီးက ရန်ကုန်မြို့ကို ကမ်းကပ်ရမှာဖြစ်ပြီး သင်္ဘောလိုင်းနဲ့ စာချုပ်ချုပ်ဆိုခဲ့ရာမှာ လည်း ရန်ကုန်ဆိပ်ကမ်းကိုသာ ချထားပေးရမှာ ဖြစ်တာကြောင့် စစ်ထွေမြို့မှာ ကမ်းကပ်ပြီးချထားပေးဖို့ တောင်းဆိုခဲ့ပေမဲ့ မရခဲ့ဘူးလို့ သိရပါတယ်။
' ကျွန်တော်တို့က အဲဒါကိုလဲ ၁၄ ရက်ကျော်ပြီး ယူထားလို့ မရဘူး ၊ စစ်ထွေကို ပြန်သယ်ရင် ကွန်တိန်နာထပ်ငှါးရမယ် ၊ အလုံး ၁၀၀ ကွန်တိန်နာကတော့ မြန်မာပြည်မှာ ငှါးလို့ ရပါတယ်၊ ဒါပေမဲ့ ငှါးခထပ်ပေးရမှာရှိတော့ တရုတ်သံရုံးကို ဖြစ်နိုင်ရင် ကွန်တိန်နာတွေပါ လှူလို့မရဘူးလားလို့ ထပ်ပြီး မေးထားတယ် ' လို့ ဦးကျော်လင်းက ပြောပါတယ်။
ဆောက်လုပ်ပြီးနေအိမ် (Assemble Boat House )တွေ တင်ဆောင်လာတဲ့ သင်္ဘောက ရန်ကုန်ဆိပ်ကမ်ကို ရောက်ရှိလာတာနဲ့ ၁၄ ရက်အတွင်းမှာ နေအိမ်တွေ ထည့်သွင်းသယ်ဆောင်လာတဲ့ ကွန်တိန်နာတွေကို ပြည်လည် ပေးအပ်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဒုတိယဝန်ကြီး ဦးကျော်လင်က ' တရုတ်သံအမတ်ကြီးက သူကိုယ်တိုင်လွှဲပြောင်းလက်ခံတဲ့ပွဲလေး ကျင်းပချင်ပါတယ် ၊ အဲဒီနေရာမှာ ဆောက်လုပ်ရေးဝန်ကြီး ဦးဝင်းခိုင်နဲ့ ဒေါက်တာ ဝင်းမြတ်အေးနှစ်ဦးက လက်ခံစေလိုလို့တော့ ပြောထားတယ် ' လို့ ပြောပါတယ်။
Credit: The Kumudra