အဘူဒါဘီဖွံ့ဖြိုးရေးရန်ပုံငွေအဖွဲ့ (ADFD) သည် ဘာရိန်းနိုင်ငံရှိ ဆောက်လုပ်ရေးစီမံကိန်းပေါင်း ၂၆ ခုအတွက် အာရပ်ငွေ ၁၀ ဒသမ ၅ ဘီလီယံ ချထားခွင့်ပြုပေးခဲ့ပြီးဖြစ်ကာ စီမံကိန်းအားလုံးမှာ ရာခိုင်နှုန်းများစွာ အပြီးသတ်နေပြီဖြစ်ကြောင်း အရှေ့အလယ်ပိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
အရေးပါသည့် အခြေခံအဆောက်အအုံစီမံကိန်းများဖြစ်သော အိမ်ရာ၊ ရေ၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍဆိုင်ရာ စီမံကိန်းများအတွက် အထောက်အပံ့ပေးခဲ့ခြင်းဖြစ်ပြီး တိုင်းပြည်စဉ်ဆက်မပြတ်ဖွံ့ဖြိုးရန် ဘာရိန်းအစိုးရ၏ ကြိုးပမ်းမှုများကို ကူညီခြင်းလည်း ဖြစ်သည်။
အဆိုပါစီမံကိန်းများ၏ တိုးတက်မှုအခြေအနေများကို သုံးသပ်ရန်အတွက် ADFD မှ နည်းပညာပိုင်းဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့ တစ်ခုသည် စီမံကိန်းများရှိရာသို့ သွားရောက်လည်ပတ်ကြည့်ရှုခဲ့ရာ စီမံကိန်းအများစုမှာ ၉၀ ရာခိုင်နှုန်းကျော် အပြီးသတ်နေပြီး အချို့မှာမူ သတ်မှတ်ချိန်ပြီးစီးရေးအတွက် အားစိုက်အကောင်အထည်ဖော်လျက်ရှိသည်ကို တွေ့ကြရသည်ဟု ဆိုသည်။
ADFD ၏ အထွေထွေညွှန်ကြားရေးမှူး မိုဟာမက် ဆာအစ်ဖ် အယ်လ် ဆူဝေဒီက ပြောကြားရာတွင် “ADFD နဲ့ ဘာရိန်းအစိုးရကြားမှာ ရှည်လျားတဲ့ ဆက်ဆံရေးသမိုင်းကြောင်းရှိပြီး ဆယ်စုနှစ် ၄ ခုကျော် ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။ စီးပွားရေးကဏ္ဍမျိုးစုံမှာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးအတွက် ဘာရိန်းရဲ့ ကြိုးပမ်းမှုတွေမှာ ကျွန်တော်တို့ လက်တွဲလုပ်ကိုင်ခဲ့ကြတယ်” ဟု ပြောကြားသည်။
“GCC ဖွံ့ဖြိုးရေးစီမံကိန်းဟာ ADFD က ကွပ်ကဲစီစဉ်ခဲ့တာဖြစ်ပြီး UAE ကနေ ဘာရိန်းကို တိုးချဲ့ခဲ့တာဖြစ်ပါတယ်။ ဘာရိန်းမှာတော့ ၂၀၁၃ မှာ စတင်ခဲ့တယ် ” ဟု ဆူဝေဒီက ဆက်လက်ပြောကြားသည်။
ADFD နည်းပညာကိုယ်စားလှယ်အဖွဲ့၏ ခရီးစဉ်အတွင်း ဘာရိန်းအစိုးရဌာနဆိုင်ရာ အများအပြားနှင့် တွေ့ဆုံဆွေးနွေးမှုများလည်း ပြုလုပ်ခဲ့သည်။
ဘာရိန်းတွင် အကောင်အထည်ဖော်လျက်ရှိသော ဆောက်လုပ်ရေးစီမံကိန်းကြီးများအနက် ထင်ရှားသည့်အချို့မှာ-(မြောက်ပိုင်းမြို့တော်အိမ်ရာစီမံကိန်း)- မြောက်ပိုင်းမြို့တော်အိမ်ရာစီမံကိန်းကို ကန်ဒေါ်လာ ၆၈၀ ဒသမ ၆ သန်း အကုန်အကျခံဆောက်လုပ်လျက်ရှိပြီး နေအိမ်ခန်းပေါင်း ၂၆၉၄ ပါဝင်မည် ဖြစ်သည်။
(အရှေ့ဆီထရာအိမ်ရာစီမံကိန်း)- ယင်းစီမံကိန်းပြီးစီးပါက လူနေအိမ်ခန်းပေါင်း ၄၅၀၀ ထွက်ပေါ်လာမည်ဖြစ်ပြီး တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၂၄၅ သန်းခန့် တန်ကြေးရှိမည် ဖြစ်ကာ မြေအကျယ်အဝန်း ၈၀၀ ဟက်တာပေါ်တွင် ဆောက်လုပ်လျက်ရှိသည်။
(ဘာရိန်းနိုင်ငံတကာလေဆိပ်ချဲ့ထွင်ရေးစီမံကိန်း)- နှစ်စဉ်ခရီးသည်ပေါင်း ၁၄ သန်းကျော် တိုးချဲ့လက်ခံနိုင်ရန် ပြင်ဆင်လျက်ရှိပြီး ကန်ဒေါ်လာ ၁ ဘီလီယံခန့် ကုန်ကျမည်ဖြစ်သည်။ စီမံကိန်း၏ ၄၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကာ လာမည့် ၂၀၁၉ ခုနှစ် ဒုတိယ ၃ လပတ်တွင် Phase One ကို လွှဲပြောင်းပေးနိုင်ရန် ရည်မှန်းထားသည်။
Terminal အသစ်ကို မြေအကျယ်အဝန်း ၁၇၇၀၀၀ စတုရန်းမီတာပေါ်တွင် ဆောက်လုပ်လျက်ရှိသည်။(နှလုံးရောဂါအထူးကုစင်တာ)- မိုဟာမက် ဘင် ခါလီဖာ နှလုံးရောဂါအထူးကုစင်တာကို ကန်ဒေါ်လာ ၁၄၉ ဒသမ ၇ သန်း အကုန်အကျခံဆောက်လုပ်လျက်ရှိပြီး ၉၅ ရာခိုင်နှုန်းခန့် အပြီးသတ်နေပြီဖြစ်ကာ လာမည့် ၂၀၁၈ ခုနှစ် ဒုတိယ ၃ လပတ်တွင် လွှဲပြောင်းပေးနိုင်ရန် ရည်မှန်းထားသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)