နေ့တွက်အတိုးဖြစ်သည့် ခေါ်ယူအပ်ငွေ စာရင်းအတွက် (Call Deposit Account)အတိုးနှုန်းကို ပြည်တွင်းဘဏ်များက ၂၀၁၈ ဇန်နဝါရီတွင် ထက်ဝက်ကျော် လျှော့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘဏ်များအသင်း၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အထူးအစည်းအဝေး၌ ဆုံးဖြတ်ခဲ့သည်။
၂၀၁၇ စက်တင်ဘာအတွင်း ၆ ရာခိုင်နှုန်းအထိ လျှော့ချသတ်မှတ်ခဲ့သည့် အဆိုပါတစ်နှစ်အတိုးနှုန်း ကို ပြည်တွင်းဘဏ်များက ၂ ရာခိုင်နှုန်းအထိ ထပ်မံလျှော့ချမည်ဖြစ်သည်။
မြန်မာနိုင်ငံဘဏ်များအသင်းက ညွှန်ကြား ထားသောကြောင့် လာမည့်ဇန်နဝါရီ ၂ ရက်က စတင်၍ ခေါ်ယူအပ်ငွေစာရင်း (Call Deposit) အတွက် အတိုးနှုန်းကို ၂ ရာခိုင်နှုန်းအထိ လျှော့ချ ခဲ့ကြောင်း ကမ္ဘောဇဘဏ်က ယမန်နေ့တွင် ထုတ် ပြန်ကြေညာထားသည်။‘‘ ဘဏ်များအသင်းက သဘောတူထားရင် လိုက်လုပ်ရမှာ ပါ။ Call Deposit က တခြားနိုင်ငံတွေမှာ ငွေ(အတိုး)မပေးပါဘူး။ ငွေသွင်း ငွေထုတ်လုပ်လို့ ဝန်ဆောင်ခပါ ပြန်ပေးရပါတယ်’’ဟု ဧရာဝတီဘဏ် အုပ်ချုပ်မှုဒါရိုက် တာ ဦးမြင့်ဇော်က ပြောသည်။
အဆိုပါခေါ်ယူအပ်ငွေအ တိုးပေးခြင်းသည် ဘဏ်လုပ်ငန်းဖွဲ့စည်းပုံနှင့် မကိုက်ညီကြောင်း၊ ထို့ကြောင့် စနစ်တကျဖြစ်ရန် ပြန်လည်ပြင်ဆင်နေကြောင်း၎င်းက ဆက်လက်ပြောသည်။
ခေါ်ယူအပ်ငွေစာရင်းကို ငွေပမာဏ အမြောက်အမြားအပ် နှံခြင်းဖြစ်ပြီး အထူးသဖြင့် ရုံးပိတ်ရက်များတွင် ဘဏ်၌ငွေအပ်ပြီးမှ ရုံးဖွင့်လျှင် ငွေပြန်ထုတ်ပြီး အတိုး ယူခြင်းဖြစ်သည်။
အဆိုပါအတိုးနှုန်းလျှော့ချမှု ကိုဘဏ်အားလုံးက သဘောတူ ၍ လိုက်နာဆောင်ရွက်မည်ဖြစ်ကြောင်း ပထမပုဂ္ဂလိကဘဏ်အကြီးတန်းအထွေထွေမန်နေဂျာ ဦးမြင့်ဇော်က ပြောသည်။
ခေါ်ယူအပ်ငွေစာရင်းသည် ဘဏ်တွင် ရက်အပိုင်းအခြားဖြင့် အပ်နှံပြီး ပြန်လည်ထုတ်ယူခြင်း ဖြစ်သည်။ အထူးသဖြင့် သောကြာနေ့တွင် အပ်၍ တနင်္လာနေ့တွင် ပြန်လည်ထုတ်ယူမှုများ ဖြစ်သည်။ စက်တင်ဘာမတိုင်မီအထိ ထိုငွေစာရင်းအတွက် အတိုးနှုန်း ကို ဘဏ်များက ၆ ရာခိုင်နှုန်းမှ ၈ ရာခိုင်နှုန်းအတွင်း ဘဏ်မူဝါဒအတိုင်း ပေးအပ်နေကြောင်း ကမ္ဘာ့ရတနာဘဏ် ဒုတိယမန်နေဂျင်းဒါရိုက်တာ ဒေါက်တာလှညွန့်က ပြောသည်။ ယခုကဲ့သို့ အတိုးနှုန်းလျှော့ချသတ်မှတ်ခြင်းကြောင့် ဘဏ်များတွင် ပိတ်ရက်အတွင်း စုငွေများကို အတိုးပေးရသည့်ဒဏ်မှ လျှော့ချနိုင်မည်ဟု ဘဏ်လုပ်ငန်း ရှင်များက ပြောသည်။
နေ့တွက်အတိုးပေးနေရသည့် ခေါ်ယူအပ်ငွေစာရင်း အတွက် ယခင်က ၄ ရာခိုင်နှုန်း သာပေးသော်လည်း နောက်ပိုင်း၌ ဈေးကွက်ပြိုင်ဆိုင်မှု များလာသောကြောင့် ၈ ရာခိုင်နှုန်းအထိ မြင့်တက်လာကြောင်း မြန်မာနိုင်ငံသားများဘဏ်ဥက္ကဋ္ဌ ဒေါက်တာ သောင်းဟန်က ပြောသည်။
အာဆီယံနိုင်ငံများအနက် စင်ကာပူနိုင်ငံတွင် နေ့ပြန်အတိုး အတွက် ၁ ဒသမ ၄ ရာခိုင်နှုန်းမှ ၂ ရာခိုင်နှုန်းအထိသာရှိကြောင်း စီးပွားရေးလုပ်ငန်းရှင် ဦးလှမောင် က ပြောသည်။
Credit: 7Daydaily