အခုအစိုးရ တာဝန်ယူချိန်ကစတင်ပြီး ဦးစားပေးလုပ်ဆောင်ခဲ့တဲ့ အစိုးရအကူးပြောင်းကလအတွင်း အများပြည်သူနဲ့ သက်ဆိုင်တဲ့ ဧရိယာကျယ်ဝန်းတဲ့မြေကွက်တွေ၊ ပလပ်မြေတွေက၈ို လူပုဂ္ဂိုလ်အမည်နဲ့ချထားပေခဲ့တာတွေကို စိစစ်ပြီး အများအကျိုးအတွက် ပြန်လည်သုံးစွဲနိုင်ဖို့ စတင်လုပ်ဆောင်ချိန်ကနေ တစ်နှစ်ခွဲခန့်အတွင်း မန္တလေးတိုင်းအစိုးရအနေနဲ့ အကောင်အထည်ဖော်နိုင်ခဲ့ပါပြီ။
အစိုးရအကူးအပြောင်းကာလမှာ လူပုဂ္ဂိုလ်နာမည်တွေနဲ့ မြေကွက်အမြောက်အမြားချထားပေးခဲ့တာတွေရှိလို့ ပြန်လည်စိစစ်ဖို့အဆိုကို မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်က တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်မိုးက ပြီးခဲ့တဲ့နှစ်ဇွန်လက ပြုလုပ်တဲ့ တိုင်းလွှတ်တော် အထူးအစည်းအဝေးမှာ တင်ပြခဲ့တာဖြစ်ပါတယ်။
အဆိုပါအောင်မြင့်ခဲ့တဲ့အတွက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တွေ ပါဝင်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ သုံးဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး စိစစ်ခဲ့ပါတယ်။
အခုအခါမှာတော့ စိစစ်မှုတွေပြီးဆုံးသွားပြီဖြစ်လို့ ဥပဒေနဲ့မညီတဲ့ မန္တလေးမြို့ကမြေကွက် ၁၃၅ ကွက်ကို မြေပေးမိန့်နဲ့ မြေငှားဂရန်တွေုကို ပယ်ဖျက်ပြီး ပြန်လည်သိမ်းယူဖို့ မန္တလေးတိုင်းအစိုးရအဖွဲ့က အတည်ပြုလိုက်ပါတယ်။
ချမ်းမြသာစည်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်မိုးက ‘အစိုးရရဲ့ လုပ်ဆောင်ချက်ကို အဆိုရှင်တစ်ယောက်အနေနဲ့ ကျေနပ်တယ်။ ဒါမျိုးက အစိုးရအစဉ်အဆက်တော့ ကျွန်တော်သိသလောက်မရှိခဲ့ဘူး၊ လွှတ်တော်ကိုယ်စားလှယ်ကလဲ ပြည်သူပိုင်တဲ့ မြေမဆုံးရှုံးအောင်လုပ်ရမှာ’ လို့ ပြေပါတယ်။
အစိုးရအကူးအပြောင်းကာလဖြစ်တဲ့ ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်နေ့ကနေ ၂၀၁၆ ခုနှစ် မတ်လ ၃၀ ရက်နေ့အတွင်းမှာ အများနဲ့ သက်ဆိုင်တဲ့ မြေကွက်ဖြစ်တဲ့ စာသင်ကျောင်း၊ ဈေး၊ ပန်းခြံ၊ အားကစားကွင်း၊ ဌာနဆိုင်ရာရုံးမြေနေရာတွေကို လူနေထိုင်ဖို့ ချထားပေးခဲ့တာတွေ ရှိခဲ့တယ်။
‘မြေကွက်ရထားတဲ့သူတွေထဲက တချို့က ခေါ်စစ်တယ်။ လက်ရောက်ရထားတာမဖြစ်နိုင်ဘူး၊ တစ်ယောက်ယောက်ရဲ့ နာမည်ခံဖြစ်နိုင်တယ်လို့ ယူဆရတဲ့သူတွေကို ခေါ်စစ်တယ်’ လို့ ဦးမြင့်အောင်မိုးက ပြောပါတယ်။
ခေါ်ယူစစ်ဆေး
မြေပိုင်ရှင်အချိုကကို ခေါ်ယူစစ်ဆေးရာမှာ အသက် ၁၈ နှစ်မပြည့်သေးသူတစ်ဦးကို မြေကွက်ချပေးထားတာတွေ့ရှိခဲ့ရပြီး လူတစ်ဦးတစ်ယောက်နာမည်နဲ့ မြေကွက်သုံးလေးကွက်ရယူထားတာတွေ တွေ့ရှိတယ်။ အများစုက အရင်အစိုးရလက်ထက်က အရာရှိတွေလည်းပါဝင်ပြီး လက်ရှိအစိုးရ၀န်ထမ်းဖြစ်နေပေမဲ့ အခြားတိုင်းဒေသကြီး တာဝန်ကျနေတဲ့သူတွေ ပါဝင်တယ်လို့ သိရပါတယ်။
စုံစမ်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးတဲ့အခါမှာ လယ်ယာမြေအခြားနည်းတွေကတော့ ဥပဒေနဲ့ ညီညွတ်တာကို စစ်ဆေးတွေရှိရတယ်လို့ ဆိုပါတယ်။
မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ‘ဂရန်တွေ ပယ်ဖျက်လိုက်ပြီ၊ ငွေပြန်ပေးဖို့က မြို့တော်စည်ပင်ကိစ္စပါ၊ နောက်တစ်ပိုင်းစီစဉ်ပါလိမ့်မယ်’ လို့ ပြောပါတယ်။
မြေကွက်ရယူသူတွေဟာ ကာလပေါက်ဈေးကျပ်သိန်း ထောင်ချီတန်တဲ့ မြေကွက်တွေကို ကျပ် ၉၆ သိန်းလောက်သာ ပေးသွင်းရယူခဲ့ကြတာဖြစ်ပြီး လူတစ်ယောက်ကို ခြောက်ဧကအထိ ရယူထားတာတွေ ကို စိစစ်တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
‘ ဥပဒေအရ ပြောရရင်တော့ မြေဖိုးတွေက ပြန်မပေးလဲရပေမဲ့ အစိုးရအဖွဲ့က ပြည်သူကိုယ်စားပြုထားတာဖြစ်လို့ ပေးသွင်းထားတာကို ပြည်သူကို ပြန်ပေးမယ်လို့ ဆုံးဖြတ်ထားတယ် ’ လို့ ဦးမြင့်အောင်မိုးက ပြောပါတယ်။
မန္တလေးတိုင်းဒေသကြီးအနေနဲ့ စွန့်လွှတ်မြေဧရိယာ (၃၅၃၈၂.၇၀၈) ဧကရှိပြီး မြေဧကပေါင်း (၄၃၈၁၇.၈၅၆) ကိုတော့ သက်ဆိုင်ရာ ပြည်သူတွေကို လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်တယ်လို့ မန္တလေးတိုင်း အစိုးရအဖွဲ့က သိရပါတယ်။
Credit: The Modern