မန္တလေးမြို့သစ်ရှိ အမည်ပေါက်ခြံမှာ ပိုင်ရှင်တွေဆိုပြီး ခြံထဲမြေလာဖို့နေကြလို့ ဘယ်သူခိုင်းတာလဲမေးတော့ ပိုင်ရှင်ဆိုသူက ဖို့ခိုင်းတာပါတဲ့။ အဲသည်ပိုင်ရှင်ဆိုတဲ့သူဆီ ဖုန်းဆက်လိုက်တော့ ငမည်းက ငဖြူလုပ်ပြီး သူတို့ကပိုင်ရှင်တွေတဲ့။ အဲဒါဆို ခင်ဗျားတို့စာရွက်စာတမ်းတွေ ပြတဲ့လေ။ အဲဒါနဲ့ လာခဲ့ဆိုပြီးချိန်းလိုက်တော့ ညနေ ၄းဝ၀ နာရီ လောက်လာခဲ့မယ်ချိန်းတယ်။ ညနေ ဖုန်းပြန်ဆက်တော့ ဖုန်းကပဲမှားဝင်လာတာလိုလို၊ စက်ပဲပိတ်လိုက်တာလိုလိုနဲ့လေ။ ဒါကတော့ မန္တလေးမြို့သစ်ရှိ မြေကွက်တစ်ခုမှာ ပိုင်ရှင်မသိဘဲ ခြံထဲဝင်မြေဖို့နေသူတွေ တွေ့ရတဲ့အကြောင်းလာ Hla Hla Myint အကောင့်နဲ့ ဖေ့စ်ဘုတ်ခ်ပေါ်တင်ထားတဲ့ ပို့စ်ဖြစ်ပါတယ်။
မန္တလေးမြို့သစ်ရပ်ကွက်တွေရှိ မြေကွက်အလွတ်တွေမှာ အထက်ပါ ဖြစ်စဉ်လိုကျူးကျော်ဝင်ရောက်မှုတွေမကြာခဏဖြစ်ပေါ်နေတယ်လို့ အိမ်ခြံမြေအကျိုး ဆောင်လုပ်ငန်းပိုင်ရှင်အချို့က ပြောပါတယ်။
ဖိုးလမင်း အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းပိုင်ရှင် ဦးဝဏ္ဏစိုးက လူမနေဘူး၊ ပိုင်ရှင်က ဝင်းခြံခတ်မထားဘူးဆိုရင် သူတို့ကလာပြီး ဝင်းခြံခတ်လိုက်တာ ပေါ့၊ စာရွက်စာတမ်းတွေ၊ ပိုင်ဆိုင်မှုတွေကို မသမာမှုလုပ်တဲ့သဘောပေါ့လို့ ပြောပါတယ်။
Sai Aung အကောင့်နဲ့ ဖေ့စ်ဘုတ်ခ်သုံးစွဲသူကလည်း ကျောင်းဆရာမကြီး(ကိုယ်ပိုင်ကျောင်း)တစ်ဦးပိုင်တဲ့ ခြံဝင်းကို သစ်သားတံခါးဖြုတ်ပြီး သံပန်းတံခါးလာတပ်တဲ့အဖွဲ့လဲရှိပါတယ်၊ စောင့်ဖမ်းတာ၊ နောက်ရက်မလာတော့ဘူးလို့ ရေးသားပါတယ်။ပိုင်ရှင်မဟုတ်ဘဲ မြေကိုကျူးကျော်အပိုင်စီးမှုကြောင့် ပိုင်ရှင်တွေမှာလည်း နစ်နာသလိုရောင်းမှားဝယ်မှားမိသူတွေအတွက်လည်း များစွာနစ်နာစေပါတယ်။ဒါကြောင့်မို့ မိမိပိုင်မြေ၊ ခြံတွေကျူးကျော်အပိုင်စီးခံရမှုမှ ကင်းဝေးအောင်အချက်သုံးချက်ကို မဖြစ်မနေလုပ်ဆောင်ထားသင့်ပါတယ်လို့ ဖိုးလမင်းအိမ်ခြံ မြေအကျိုး ဆောင်လုပ်ငန်းပိုင်ရှင် ဦးဝဏ္ဏစိုးက ပြောပါတယ်။
သူက အဓိကကတော့ ပထမအဆင့်ဝင်းခြံခတ်ဖို့ မြေကွက်ပိုင်ရှင်တွေကိုတိုက်တွန်းချင်တယ်၊ ဒုတိယအဆင့်ကအစောင့်ထားဖို့၊ တတိယအချက်ကတော့ ရပ်ကွက်လူကြီးတွေနဲ့ ပတ်ဝန်းကျင်ကိုအပ်ထားစေချင်တယ်၊ အဲဒီသုံးချက်လေးလုပ်ထားရင်တော့တတ်နိုင်သမျှစိတ်ချရတယ်လို့ ပြောပါတယ်။
Credit: The KUmudra