ရန်ကုန်မြို့၌ မိုးပျံလျှပ်စစ်ရထားပြေးဆွဲရေး စီမံကိန်းကို ၂၀၂၀ တွင် စတင်မည်ဟု မြန်မာ့မီးရထားစီမံကိန်း ဒါရိုက်တာ ဦးဘမြင့်က ပြောသည်။
အဆိုပါစီမံကိန်းကို ဂျပန်နိုင်ငံ၏ အကူအညီရယူ၍ မြန်မာ့မီးရထား၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ဒီဇင်ဘာ ၁၅ ရက်က နေပြည်တော်တွင် ပြုလုပ်သည့်ရထားကြောင့် မတော်တဆမှုများလျော့ပါးရေးသတင်းစာရှင်းလင်းပွဲတွင် ၎င်းက ပြောကြားသည်။
ယင်းစီမံကိန်းကို လုပ်ဆောင်ရန် ယခင်ကတည်းက လျာထား ချက်ရှိသော်လည်း လိုအပ်သည့် လျှပ်စစ်မရရှိသဖြင့် အကောင်အ ထည်မဖော်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း ဦးဘမြင့်က ပြောသည်။
‘‘လျှပ်စစ်က ၂၀၂၀ ၀န်းကျင် လောက်ကျမှ ကျွန်တော်တို့ကို အာမခံနိုင်တဲ့အဆင့်ရှိပြီးတော့ အဲဒီ ၂၀၂၀ လောက်ကျရင် စလုပ်ဖို့အတွက်ကို စီမံချက်ဆွဲပြီးတော့ လုပ်နေပါပြီ’’ ဟု ၎င်းက ဆိုသည်။
စီမံကိန်း ပြင်ဆင်တည်ဆောက်ရေးလုပ်ငန်းကာလသည် လေးနှစ်ခန့်ကြာမြင့်နိုင်၍ ၂၀၂၄ တွင် ပြေးဆွဲမှု စတင်နိုင်မည်ဖြစ်ပြီး ယင်းစီမံကိန်းအတွက် ကန်ဒေါ်လာ ငါးဘီလီယံခန့်ကုန်ကျနိုင်မည်ဟု ကနဦးခန့်မှန်းထားကာ ပုဂ္ဂလိကကဏ္ဍများကိုလည်း ဖိတ်ခေါ်ရန်ရှိသည်ဟု ၎င်းက ပြောသည်။
‘‘သူက TOT လို့ခေါ်တယ်။ ကျွန်တော်တို့ နိုင်ငံကချေးတာ တွေ သိပ်များတော့ အဲဒီလိုမျိုးပုံစံ ပြောင်းသွားနိုင်တယ်။ ရန်ကုန် အစိုးရနဲ့ အဲဒါက ပေါင်းလုပ်မှာ။ ကျွန်တော်တို့ချည်းပဲ လုပ်လို့မရ ဘူး။ အတူပေါင်းလုပ်ရမှာ။ နည်း ပညာက ကျွန်တော်တို့ကူညီပြီး တော့ မြေတွေကျတော့ ရန်ကုန် တိုင်းအစိုးရက ကျွန်တော်တို့ကို ပေးမှရမှာလေ။ ရန်ကုန်တိုင်း အစိုးရနဲ့ ပေါင်းပြီးလုပ်မှာ ဖြစ် တယ်။ လျှပ်စစ်ဌာနကလည်း ပေါင်းရမယ်’’ဟု ဦးဘမြင့်က ပြောကြားသည်။
‘‘TOT ဆိုတဲ့ သဘောက တော့ ကျွန်တော်တို့ပိုက်ဆံတွေ အကုန်ချေးစရာမလိုဘူး။ မြေပေး မယ်။ ပိုက်ဆံပေးမယ်။ အဲဒီမှာ သူက ကားပါကင်တွေဆောက် မယ်။ ဟိုတယ်လိုမျိုးတွေဆောက် မယ်။ ဒီလုပ်ငန်းနဲ့ အဲဒီလိုမျိုးတွေ နဲ့မျှပြီး လုပ်သွားဖို့စဉ်းစားထား တာ’’ဟု ၎င်းက ဆက်လက်ပြော ကြားသည်။
အဆိုပါရထားလမ်းကြောင်း အသစ်ကို တောင်နှင့် မြောက်၊ အရှေ့နှင့် အနောက်ဟူ၍ သွယ် တန်းပြေးဆွဲရန် ရေးဆွဲထားပြီး လက်ရှိ မြို့ပတ်ရထားလမ်းများ နှင့် ချိတ်ဆက်သွားမည်ဟု ဆို သည်။
တောင်နှင့် မြောက် လမ်း ကြောင်းကို ဒလမြို့နယ်မှ မင်္ဂလာဒုံမြို့နယ်အထိ လည်းကောင်း၊ အရှေ့နှင့် အနောက်လမ်းကြောင်းကို လှိုင်သာယာမြို့နယ်မှ ရန်ကုန်မြို့လယ်ကိုဖြတ်ကာ ဒဂုံမြို့သစ်အထိလည်းကောင်း ဖောက်လုပ် ရန် စီမံကိန်းရေးဆွဲထားသည်။
ယင်းစီမံကိန်းကို JICA က ရေးဆွဲပြီးလုပ်ငန်း အားလုံးပြီးစီးပါက ရန်ကုန်မြို့တွင်း ခရီးသွားလာမှုအပေါ် အကျိုးဖြစ်ထွန်းလာနိုင်မည်ဟု ဦးဘမြင့်က ဆိုသည်။
ရန်ကုန်မြို့တွင် နေ့စဉ်ခရီး သွား ၂ ဒသမ ၅ သန်းခန့်ရှိပြီး ခရီးသည်ဦးရေနှစ်သန်းခန့်သည် ဘတ်စ်ကားကိုသာ အဓိကစီးနင်း အသုံးပြုကြောင်း JICA ၏ စစ်တမ်းများ၌ ဖော်ပြထားသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)