၂၀ ရာစု၏ အကြီးမြတ်ဆုံးဗြိတိသျှရုပ်ရှင်တစ်ခုအဖြစ် သတ်မှတ်ခြင်းခံရသော The English Patient အပါအဝင် ဇာတ်ကားပေါင်းများစွာ ထုတ်လုပ်ခဲ့သူ ရောဘတ် ဘော့ပ်ဝိန်းစတိန်းသည် ၎င်း၏ နယူးယောက်နေအိမ်ကို ရောင်းချလိုက်ပြီဖြစ်သည်။
နေအိမ်တည်နေရာမှာ နယူးယောက်မြို့၊ မန်ဟက်တန်ဒေသ၊ Upper West Side အရပ်၊ လမ်း ၇၀ အနောက်တွင် တည်ရှိပြီး ၂၀၀၉ ခုနှစ်အတွင်းက ကန်ဒေါ်လာ ၁၅ သန်းဖြင့် ဝယ်ယူခဲ့ကာ ယခုပြန်လည်ရောင်းချရာတွင်လည်း ကန်ဒေါ်လာ ၁၅ သန်းသာ ရရှိခဲ့ရာ ထိန်းသိမ်း ပြုပြင်စရိတ်များ ဆုံးရှုံးခဲ့သည်ဟု ဆိုရမည် ဖြစ်သည်။
အသက် ၆၃ နှစ်ရှိပြီဖြစ်သော မစ္စတာ ဝိန်းစတိန်းသည် The Weinstein ကုမ္ပဏီပိုင်ရှင်ဖြစ်ပြီး အဆိုပါနေအိမ်ကို ဇနီး (ဟောင်း) အန်နီ ကလေတန်နှင့်အတူ ဝယ်ယူခဲ့ခြင်းဖြစ်သည်။
အရောင်းဈေးကွက်တင်ရာတွင်မူ ကန်ဒေါ်လာ ၁၇ ဒသမ ၉ သန်းဈေးခေါ်ခဲ့ပြီး ကုမ္ပဏီတစ်ခုက ကန်ဒေါ်လာ ၁၅ သန်းဖြင့် ဝယ်ယူသွားခဲ့ခြင်း ဖြစ်သည်။
၁၉၁၀ ပြည့်နှစ်တွင် ဆောက်လုပ်ခဲ့ပြီး ကြမ်းခင်းဧရိယာ ၆၆၀၈ စတုရန်းပေကျယ်ဝန်းသည့်နေအိမ်အတွင်း အိပ်ခန်း ၅ ခန်း၊ ရေချိုးခန်း ၅ ခန်း၊ ဓာတ်ငွေ့သုံးမီးလင်းဖို ၅ ခု၊ လသာဆောင်တစ်ခု ပါဝင်ကြောင်း ဈေးကွက်တင်ပေးခဲ့သည့် Corcoran ကုမ္ပဏီမှ အကျိုးဆောင် ပေါလ်အယ်လ်ဘာနိုက ပြောကြားသည်။
ဝိန်းစတိန်းသည် ယင်းနေအိမ်ကို ဝယ်ယူခဲ့သော်လည်း နေထိုင်ခဲ့ခြင်းကား မရှိ။ ယခုအခါတွင် မူရင်းမပျက် ဝက်သစ်ချသားလှေကားကြီးကို ပြန်လည်မွမ်းမံပြုပြင်ခြင်းနှင့်အတူ အခြားနေအိမ်အစိတ်အပိုင်းများကိုလည်း ပြုပြင်မှုများ ပြုလုပ်လျက်ရှိသည်။
ဘော့ပ်ဝိန်းစတိန်းသည် Dimension Films နှင့် Miramax Films ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီများကို ညီအစ်ကိုတော်စပ်သူ ဟာဗေးဝိန်းစတိန်းနှင့် ပူးတွဲတည်ထောင်ခဲ့သည်။
ရောဘတ် ဘော့ပ် ဝိန်းစတိန်းကို ၁၉၅၄ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်တွင် နယူးယောက်မြို့၌ မွေးဖွားသည်။
သူ၏ ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီသည် ဇာတ်ကားပေါင်းများစွာ ရိုက်ကူးထုတ်လုပ်ခဲ့သည့်အနက် အော်စကာဆု ၉ ဆု ဆွတ်ခူးရရှိခဲ့သည့် The English Patient (၁၉၉၆ ခုနှစ်) ၊ The Lord of the Rings film trilogy (၂၀၀၁–၂၀၀၃) နှင့် The Aviator (၂၀၀၄ ခုနှစ်) တို့မှာ နာမည်ကျော်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)