ကနေဒါနိုင်ငံ၏ အကြီးမားဆုံး မြို့တော်မှာ အွန်တေရီယိုပြည်နယ်၏ မြို့တော်ဖြစ်သော တိုရွန်တိုမြို့ဖြစ်ပြီး ၂၀၁၆ ခုနှစ် အချက်အလက်များအရ လူဦးရေ ၂၇၃၁၅၇၁ ဦးနေထိုင်သည်။
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့်လက်ထပ်တော့မည့် မီဂန်မာကယ် ငှားရမ်းနေထိုင်ခဲ့သော နေအိမ်မှာ တိုရွန်တိုမြို့တွင် တည်ရှိပြီး ယခုအခါ အရောင်းဈေးကွက်ဝင်လာသည်။
တိုရွန်တိုနေအိမ်သည် ဘိုတဲဟန်ဆောက်လုပ်ထားပြီး သူ့ဟန်နှင့်သူ လှပသည့်နေအိမ်ကလေးဖြစ်သည်ဟု ဆိုနိုင်သည်။
သိုးမွှေးအဖြူရောင်များ၊ သစ်သားပရိဘောဂများနှင့် ပီယိုနီပန်းပင်များကို နေအိမ်တစ်ခုလုံးတွင် အနှံ့အပြားတွေ့ရသည်။
မီဂန်မာကယ်သည် အမေရိကန်ရုပ်ရှင်သရုပ်ဆောင်တစ်ဦးလည်းဖြစ်ပြီး ပြီးခဲ့သောလအတွင်း မင်းသားဟယ်ရီနှင့် စေ့စပ်ခဲ့ပြီး ယခုနေအိမ်တွင် နောက်ဆုံးငှားရမ်းနေထိုင်ခဲ့သူ ဖြစ်ကြောင်း အရောင်းဈေးကွက်တင်သည့် Freeman Real Estate ကုမ္ပဏီမှ အကျိုးဆောင်တို့က ပြောကြားသည်။
နေအိမ်တည်နေရာမှာ တိုရွန်တိုမြို့လယ်နှင့် နီးစပ်သည့် ဆီးတန်ကျေးရွာတွင် ဖြစ်ကာ ဆိတ်ငြိမ်ရပ်ကွက်တစ်ခုဖြစ်ပြီး “Suits” အမည်ရှိ ရုပ်သံဇာတ်လမ်းတွင် ပါဝင်သရုပ်ဆောင်နေစဉ် ငှားရမ်းနေထိုင်ခဲ့ခြင်း ဖြစ်သည်။
နှစ်ထပ်အိမ်ဖြစ်ပြီး နေအိမ်အတွင်း အိပ်ခန်း ၃ ခန်းပါဝင်ကာ ကနေဒါဒေါ်လာ ၁ ဒသမ ၃၉၅ သန်း ( ကန်ဒေါ်လာ ၁ ဒသမ ၀၈၅ သန်း) ဈေးခေါ်ထားသည်။
ကောင်းစွာအလှဆင်မွမ်းမံထားသည့် ပန်းဥယျာဉ်၊ အပြီးသတ်မွမ်းမံပြီးဖြစ်ကာ မိသားစုအခန်းတစ်ခုပြုလုပ်နိုင်သည့် မြေအောက်ထပ်၊ ကား ၂ စင်းဆန့် ဂိုဒေါင်တို့ ပါဝင်ကြောင်း ဈေးကွက်တင်သည့် ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
မီဂန်မာကယ်လ်၏ အဆိုပါနေအိမ်နှင့် စပ်လျဉ်း၍ iMyanmarHouse.com တွင် ရေးသားတင်ပြခဲ့ပြီးဖြစ်ပါသည်။ ပြန်လည်ဖတ်ရှုလိုပါက https://www.imyanmarhouse.com/news/read/688943 အင်တာနက်လင့်ခ်တွင် ဖတ်ရှုနိုင်ပါသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)