ဟောလိဝုဒ်ကြယ်ပွင့်များ အခြေစိုက်ရာ လော့စ်အိန်ဂျလိမြို့ ၊ ဘီဗာလီဟေးလ်အခြေစိုက် အိမ်ခြံမြေကုမ္ပဏီပိုင်ရှင်က ကယ်လီဖိုးနီးယားတွင် အရှည်လျားဆုံးရေကူးကန်ပါသည့် နေအိမ်ကြီးကို ဒေသတွင်း စံချိန်တင်ဈေးနှုန်းဖြင့် ရောင်းချလိုက်ပြီ ဖြစ်သည်။
နေအိမ်တည်နေရာမှာ လော့စ်အိန်ဂျလိ၏ နာမည်ကျော် မာလီဘူးအရပ်တွင်ဖြစ်ပြီး Westside Estate Agency ပူးတွဲတည်ထောင်သူ၊ အမှုဆောင်အရာရှိချုပ် ကာ့ထ် ရာပါပေါ့ထ်ဖြစ်သည်။
ကာ့ထ်ရာပါပေါ့ထ်သည် ကမ္ဘာကျော်တို့၏ နေအိမ်အရောင်းအဝယ်များစွာကို ပြုလုပ်ပေးခဲ့သူဖြစ်ပြီး ရှောင်ပါကား၊ ရှောင်ကုမ်းစ်၊ ဒေါက်တာဒရီနှင့် လာရီအဲလစ်ဆင်တို့ အပါအဝင် အခြားနာမည်ကျော်များစွာအတွက် မာလီဘူးတွင် နေအိမ်အရောင်းအဝယ် ၃၀ ခန့် ပြုလုပ်ပေးခဲ့ကာ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ သန်း ၆၀၀ ကျော်ဖိုး ရှိသည်။
အသက် ၄၆ နှစ်အရွယ်ရှိပြီဖြစ်သော မစ္စတာ ရာပါပေါ့ထ်သည် မြေနေရာကို ၂၀၀၇ ခုနှစ်အတွင်း ကန်ဒေါ်လာ ၆ ဒသမ ၈ သန်းဖြင့် ဝယ်ယူခဲ့သည်။
ယင်းနောက် ဗိသုကာဒီဇိုင်နာ စကော့မစ်ချစ်ကို ဒီဇိုင်းရေးဆွဲဆောက်လုပ်စေခဲ့ရာ ၂၀၁၂ ခုနှစ်တွင် အပြီးသတ်ခဲ့သည်။
နေအိမ်ကြမ်းခင်းဧရိယာမှာ စတုရန်းပေ ၁၅၀၀၀ ခန့်ရှိပြီး အိမ်တွင်းရုပ်ရှင်ရုံ၊ ဧည့်ဂေဟာဆောင် ၂ ခုတို့ ပါဝင်သည်။
ထူးခြားချက်ပါ အလျား ၁၆၈ ပေရှိ ရေကူးကန် ဖြစ်သည်။ ယင်းရေကူးကန်သည် ကယ်လီဖိုးနီးယားပြည်နယ်တစ်ခုလုံးတွင် လူနေအိမ်များရှိ ရေကူးကန်အားလုံးတွင် အရှည်လျားဆုံး ရေကူးကန်ဖြစ်သည်ဟု ဆိုသည်။
ဝယ်ယူလိုက်သူမှာ ကနေဒါလူမျိုး လုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး Edmonton Oilers ၏ ပိုင်ရှင် ဒါရဲလ် ကက်ဇ်ဖြစ်သည်။
နေအိမ်အတွက် ကန်ဒေါ်လာ ၈၅ သန်း၊ နေအိမ်အတွင်း ပါဝင်သည့်အရာများအတွက် ကန်ဒေါ်လာ ၃၅ သန်း၊ စုစုပေါင်း ကန်ဒေါ်လာ သန်း ၁၂၀ ပေးခဲ့ရသည်ဟု ဆိုသည်။
မစ္စတာကက်ဇ်သည် အသက် ၅၆ နှစ်အရွယ်ဖြစ်ပြီး ဖော့ဘ်မဂ္ဂဇင်းကြီး၏ ဖော်ပြချက်အရ ကန်ဒေါ်လာ ၂ ဒသမ ၉ ဘီလီယံခန့် ကြွယ်ဝသည်ဟု ဆို၏။
ယခုအရောင်းအဝယ်ဖြစ်သွားသော ဈေးနှုန်းသည် အမေရိက၏ အိမ်ခြံမြေဈေးအကြီးဆုံးဒေသတွင် စံချိန်တင်ဈေးနှုန်းဖြစ်ခဲ့ပြီး ယခင်စံချိန်တင်ကို တင်ထားခဲ့သည်မှာလည်း မစ္စတာ ရာပါပေါ့ထ်ပင် ဖြစ်သည်။
ယခင်စံချိန်မှာ ယခုနှစ်မေလအတွင်း ကမ်းခြေနေအိမ်ကြီးတစ်လုံးကို ကန်ဒေါ်လာ ၈၅ သန်းဖြင့် မစ္စတာရာပါပေါ့ထ်က ရောင်းချခဲ့ခြင်း ဖြစ်သည်။
ရာပါပေါ့ထ်သည် ဘီဗာလီဟေးလ်ရှိ သူ၏နေအိမ်ကို ဟောလိဝုဒ်သရုပ်ဆောင် တွမ်ခရုစ်ထံ ကန်ဒေါ်လာ ၃၂ ဒသမ ၅ သန်းဖြင့် ရောင်းချခဲ့ဖူးသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)