အစိုးရအကူးအပြောင်း ကာလတွင် မန္တလေးတိုင်းအတွင်း အများနှင့်သက်ဆိုင်သော မြေများ၊ အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိ သော မြေများကို ပုဂ္ဂလိကသို့ လွှဲပြောင်းချထားပေးခဲ့မှုကို ပြန်လည်သိမ်းဆည်းမည်ဖြစ်ကြောင်း မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ပြောသည်။
အစိုးရအသွင်ကူးပြောင်း ကာလအတွင်း အများပြည်သူပိုင် မြေများကို ပုဂ္ဂလိကသို့ လွှဲပြောင်းချထားမှုနှင့်ပတ်သက်၍ ဥပဒေနှင့်ညီ၊ မညီ ပြန်လည်စိစစ်ကာ အများပြည်သူအကျိုးအတွက် ပြန်လည်အသုံးပြုရန် လွှတ်တော်၏ တိုက်တွန်းချက်နှင့်ပတ်သက်ပြီး ဒီဇင်ဘာ ၁၂ ရက်တွင် ကျင်းပ သည့် လွှတ်တော်အစည်းအဝေး၌ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဆောင်ရွက်ချက်များကို လွှတ်တော်သို့ အစီရင်ခံ တင်ပြရာ၌ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့် မောင်က ယင်းသို့ ပြောကြားခဲ့ သည်။
မြေပေးမိန့်ထုတ်ပေးခဲ့ခြင်း သည် အမျိုးသားမြေအသုံးချမှု မူဝါဒနှင့် ကိုက်ညီမှုမရှိခြင်း၊ ဥပဒေ၊ နည်းဥပဒေလုပ်ထုံးလုပ် နည်းနှင့် ညီညွတ်မှုမရှိခြင်းတို့ ကြောင့် မြေနေရာချထားပေးခဲ့ သည့်မြေကွက် ၁၃၅ ကွက်ကို ပြန် လည်သိမ်းယူမည်ဖြစ်ကြောင်း ၎င်းက လွှတ်တော်တွင် ပြော သည်။ အဆိုပါ မြေကွက်များကို ပုဂ္ဂ လိကများထံ လွှဲပြောင်းပေးခဲ့ မှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေး ရေးအဖွဲ့များ ဖွဲ့စည်းကာ မြေပြင် ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ် ခဲ့သည်။
စစ်ဆေးတွေ့ရှိမှုများတွင် စာသင်ကျောင်း၊ ဈေး၊ ပန်းခြံ၊ အားကစားကွင်း၊ ဌာနဆိုင်ရာ ရုံးနေရာများ၊ သတ်မှတ်ထား သော မြေနေရာများကို အစိုးရ အသွင်ကူးပြောင်းရေး ကာလ ၂၀၁၅ နိုဝင်ဘာ ၁၀ ရက်မှ ၂၀၁၆မတ်လ ၃၀ ရက်အတွင်း လူ နေထိုင်ရန် ချထားပေးခဲ့ကြောင်း၊ လူတစ်ဦးတည်းကိုပင် မြေဧက များစွာ ချထားပေးခြင်းများတွေ့ ရှိရကြောင်း ဝန်ကြီးချုပ်က ပြော သည်။
အသင်းအဖွဲ့များ၊ နိုင်ငံရေး ပါတီများအတွက် မြေနေရာချ ထားပေးရာတွင် မြေတန်ဖိုးကင်း လွတ်ခွင့်ပေးသည်မှာ သင့်လျော် မှုမရှိကြောင်း၊ အစိုးရစီမံပိုင်ခွင့် ရှိသော လပ်မြေများကို လူပုဂ္ဂိုလ် များအား အလွန်လျင်မြန်စွာ မြေ ပေးမိန့်ခွင့်ပြုထားခြင်း၊ မြေငှား ဂရန်လျှောက်ထားရာတွင် လိုအပ်သော ဥပဒေ၊ နည်းဥပဒေနှင့်ညီ ညွတ်မှုမရှိကြောင်းကို တွေ့ရှိခဲ့ သည်ဟု ဆိုသည်။
ထို့အပြင် အသက်(၁၈)နှစ် မပြည့်သေးသော ကလေးငယ်အ မည်ဖြင့် မြေနေရာ ချထားပေး ခြင်း၊ မြေငှားဂရန်ထုတ်ပေးထား ခြင်းသည် မြန်မာနိုင်ငံတော် အထက်ပိုင်း မြေခွန်တော်လက်စွဲ ဥပဒေ ၅၉ အရ ညီညွတ်မှုမရှိ ကြောင်း ဝန်ကြီးချုပ်က ဆိုသည်။
စစ်ဆေးတွေ့ရှိသော အမှု တွဲအားလုံးသည် မြေပေးမိန့်ချ ထားပေးရေး၊ မြေငှားဂရန်အမှု တွဲ ခွင့်ပြုပေးခြင်းသည် ၂၀၁၆ မတ်လ ၂၉ ရက် တစ်ရက်တည်း ခွင့်ပြုပေးခဲ့ခြင်း၊ လူပုဂ္ဂိုလ်များက မြေငှားရမ်းလျှောက်ထားခြင်း သည် ၂၀၁၆ ဧပြီ ၁ ရက်မှစတင်ခဲ့၍ ဂရန်လုပ်ထုံးလုပ်နည်းနှင့်မညီကြောင်း တွေ့ရှိသည်ဟု ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။
အဆိုတင်သွင်းသူ ချမ်းမြ သာစည်မဲဆန္ဒနယ် အမှတ်(၂) ကိုယ်စားလှယ် ဦးမြင့်အောင်မိုး က ‘‘အကွက် ၁၃၅ ကွက်ဆိုတာ ကျွန်တော်တင်တဲ့အပေါ်မှာ ရာ နှုန်းပြည့်နီးပါး ပြန်သိမ်းတာပေါ့။ ၁၃၅ ကွက်မှာ လူပုဂ္ဂိုလ် ၁၃၅ ဦးတော့ မဟုတ်ဘူးပေါ့။ တစ်ဦး တည်းက သုံးလေးကွက်ယူထား တာတွေရှိတော့ လူကတော့ ၁၃၅ ထက်နည်းမှာပေါ့။ ဧကအကျယ် ဆုံးအနေနဲ့ ခြောက်ဧကကျော်ယူ ထားတာတွေ ပါတာပေါ့။ အတိအကျတော့ ပြောဖို့ခက်တယ်။ ဧကအားဖြင့် ပြောရင် ဧက ၁၀၀ နီးပါးရှိတယ်။ အသက်မပြည့်သေးတာကို ပေးတာက စိစစ်တွေ့ရှိရသလောက် တစ်ယောက်ပဲပါတယ်။ ဘယ်လိုလူတွေလဲဆိုတော့ အရင်အစိုးရလက်ထက်က ဌာနဆိုင်ရာ အကြီးအကဲတွေပါတယ်။ ဧပြီ ၁ ရက်နေ့မှာ လွှဲမှာကို မတ်လ ၂၉ ရက်နေ့မှာ ညလုံးပေါက် ဂရန်တွေကို လုပ်သွားတာဆိုတော့ ကိုယ်တိုင်လည်း ဟုတ်လား၊ မဟုတ်လားစုံစမ်းပြီးမှ တင်ရတာဆိုတော့ တိကျခိုင်လုံမှ တင်ရတာ ဖြစ်ပါတယ်။ ဒါကတော့ မန္တလေးတိုင်းဒေသကြီးအတွက် သမိုင်းတစ်ရပ်ဖြစ်ပါတယ်’’ဟု ပြောသည်။
လက်ရှိ သိမ်းဆည်းမည့် မြေကွက် ၁၃၅ ကွက်သည် မြို့ ပေါ်ရှိ မြေကွက်များအားလုံးဖြစ် ပြီး ဥပဒေလုပ်ထုံးလုပ်နည်းမညီ သဖြင့် ဂရန်ပါ စည်းကမ်းချက် ၁၃ ချက်အရ မြေဖိုးပြန်လည်ပေး ရန် မလိုအပ်သော်လည်း အစိုးရက ပြည်သူကိုယ်စားပြုတက်လာ ၍ အစိုးရကို ပေးသွင်းထားသည့် မြေတန်ဖိုးအတိုင်း ပြန်ပေးမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ မန္တလေးခရိုင်အတွင်း ပြန်လည်သိမ်းဆည်းမည့် မြို့နယ်များသည် ချမ်းအေးသာစံမြို့နယ်တွင် တစ်ကွက်၊ ချမ်းမြသာစည်မြို့နယ် ၄၀ ကွက်၊ ပြည်ကြီးတံခွန်မြို့နယ် ၈၅ ကွက်၊ အမရပူရမြို့နယ် ကိုးကွက်စုစုပေါင်း ၁၃၅ ကွက်တို့ဖြစ်သည်။
လယ်ယာမြေ အခြားနည်း အသုံးချထားပေးမှုနှင့်ပတ်သက် ၍ စစ်ဆေးရာတွင် ဥပဒေနှင့်ညီ ညွတ်မှုရှိပြီး တောင်သူများက ပြန်လည်ရောင်းချပြီး တောင်သူများ ၏ ပုံစံ ၇ မှတစ်ဆင့် ပိုင်ရှင်များ၏ ပုံစံ ၇ အမည်ပေါက်ရရန် ယူထားခြင်းဖြစ်ကာ လယ်ယာမြေ အသုံးပြုခွင့်ပုံစံ ၃၀ (က)၊ ၃၀(ခ) ကို ဥပဒေနှင့်အညီ ရယူလျှောက်ထား ကြောင်း ဆိုသည်။
Credit: 7Daydaily