ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များအပေါ် ထိခိုက်မှုရှိနိုင်သည့် ဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် စီမံကိန်းများ၊ တည်ဆောက်ရေး လုပ်ငန်းများကို စစ်ဆေးနိုင်ရန် (Heritage Impact Assessment) လိုင်စင်များ ထုတ်ပေးမည်ဖြစ်ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင်က ပြောကြားသည်။
“လာမယ့်နှစ် ဖေဖော်ဝါရီလောက်မှာ ထုတ်ပေးဖို့ စီစဉ်ထားတယ်။ လိုင်စင်ထုတ်ပေးဖို့ လိုအပ်တဲ့စံနှုန်းတွေကို သက်ဆိုင်ရာ ပညာရှင်တွေနဲ့ ဆွေးနွေးနေတယ်။ ဝန်ထမ်းတွေ အင်အားနည်းတဲ့အတွက် ဌာနက လက်လှမ်းမမီတဲ့နေရာတွေမှာ သွားရောက် စစ်ဆေးနိုင်အောင်ပါ”ဟု ၎င်းကဆိုသည်။
ယဉ်ကျေးမှု အမွေအနှစ် ဒေသများအတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ အပါအဝင် စီမံကိန်းများ အသစ်တိုးချဲ့ဆောင်ရွက်မှုများသည် ယဉ်ကျေးမှု အမွေအနှစ်များကို ထိခိုက်နိုင်မှု ရှိ/ မရှိ ဆန်းစစ်နိုင်ရန် ယူနက်စကိုမှ ပညာရှင်များနှင့် နိုင်ငံတကာ စံနှုန်းများကို ညှိနှိုင်း၍ ဒေသဆိုင်ရာ အရပ်ဘက် အဖွဲ့အစည်းများ၊ ဌာနဆိုင်ရာ အရာထမ်းများနှင့် ဂေါပကများကို တစ်နှစ်လျှင် ခြောက်ကြိမ်နှုန်းဖြင့် သင်တန်းများ ပေးထားပြီး လက်ရှိတွင် တစ်ရာကျော်ခန့်ရှိပြီဖြစ်ကြောင်း ဦးကျော်ဦးလွင်ထံမှ သိရသည်။
“HIA လက်မှတ်ဆိုတာ စီမံကိန်းတွေ ဆောက်ရင် သဘာဝ ပတ်ဝန်းကျင် ဘယ်လောက်ထိ ထိခိုက်စေနိုင်မလဲဆိုတဲ့ အရာတွေတိုင်းတာတဲ့ EIA စစ်ဆေးသလိုမျိုး ယဉ်ကျေးမှု အမွေအနှစ်တွေ ဘယ်လောက် ထိခိုက်စေနိုင်သလဲဆိုတာကို တိုင်းတာ စစ်ဆေးရတဲ့ လုပ်ငန်းစဉ်တစ်ခုပါ”ဟု ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန (မြောက်ဦး) အရာထမ်းတစ်ဦးက ဆိုသည်။
ယဉ်ကျေးမှု အမွေအနှစ်အပေါ် သက်ရောက်မှု ဆန်းစစ်သည့် (Heritage Impact Assessment) လက်မှတ်များကို ဖွံ့ဖြိုးပြီးနိုင်ငံများတွင် တွင်တွင်ကျယ်ကျယ် ထုတ်ပေးလျက်ရှိကာ အသုံးပြုလျက်ရှိပြီး မြန်မာနိုင်ငံအနေနှင့် ယခုမှ စတင် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် ယဉ်ကျေးမှု အမွေအနှစ် များပြားသည့် မြောက်ဦး၊ အင်းဝ၊ စစ်ကိုင်းများတွင် သင်တန်းများကို အဓိကထား ပို့ချနေကြောင်း ဦးကျော်ဦးလွင်ထံမှ သိရသည်။
Credit: The Voice