အစိုးရအဖွဲ့အနေဖြင့် ဘဏ်လုပ်ငန်းသစ်များ ထပ်မံခွင့်ပြုရန် ပြင်ဆင်နေရာတွင်အများစုသည် ပေါ်လစီဘဏ် သို့မဟုတ် Specialized Bank ဟုငွေကြေးဆိုင်ရာပညာရှင်များ ခေါ်ဝေါ်သော ကဏ္ဍတစ်ခုချင်းစီကို သီးသန့်အခြေပြု လုပ်ကိုင်သည့်ဘဏ်များ ဖြစ်နေသည်။
မကြာသေးမီရက်ပိုင်းအတွင်း ဘဏ်အသစ်ငါးဘဏ်အား ထပ်မံခွင့်ပြုပေးသွားရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကို နိုင်ငံတော်သမ္မတရုံးက ညွှန်ကြားစာပေးပို့ထားကြောင်း ပြည်တွင်းသတင်းစာအချို့တွင် ဖော်ပြခဲ့ကြသည်။
မြန်မာ့ခရီးသွားလုပ်ငန်းဘဏ်၊ သတ္တုလုပ်ငန်းဖွံ့ဖြိုးရေးဘဏ်၊ ဂုဏ်ထူးဆောင် တောင်သူလယ်သမားများ ဖွံ့ဖြိုးတိုးတက်ရေးဘဏ်၊ မန္တလေးလယ်သမားများ ဖွံ့ဖြိုးတိုးတက်ရေးဘဏ်နှင့် ရွှေနန်းစောဘဏ်တို့ကို ခွင့်ပြုပေးရန် သမ္မတရုံးက ညွှန်ကြားထားသည်ဟု ဗဟိုဘဏ် ဒုတိယဥက္ကဌတစ်ဦးက ပြည်တွင်းထုတ် သတင်းစာတစ်စောင်ကို ပြောကြားထားသည်။
အဆိုပါဘဏ်များနှင့် ပတ်သက်၍ မြန်မာတိုင်း(မ်)က ဗဟိုဘဏ်ထံမှ သီးသန့် အတည်ပြုချက်ရယူခဲ့ရာ ''ဒါနဲ့ပတ်သက်လို့ ညွှန်ကြားထားတယ်ဆိုတာတော့ သိတယ်။ ညွှန်ကြားချက်အသေးစိတ်ကိုတော့ အစိုးရရုံးကို မေးတာက ပိုကောင်းပါတယ်''ဟု ဗဟိုဘဏ်မှ အမည်မဖော်လိုသူ အရာရှိကြီးတစ်ဦးက မြန်မာတိုင်း(မ်)ကို ပြောသည်။ ပိုမိုအသေးစိတ်သော အချက်အလက်များကိုသိရှိနိုင်ရန် ဗဟိုဘဏ်အကြီးတန်းအရာရှိများကို မြန်မာတိုင်း(မ်)က အီးမေးလ်ဖြင့် မေးခွန်းပေးပို့ မေးမြန်းထားသော်လည်း ဒီဇင်ဘာ ၆ ရက် ညနေအထိ ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။
သို့ရာတွင် ခွင့်ပြုမည့်ဘဏ်လုပ်ငန်းသစ်များ၏ အမည်ပေးထားပုံအရ ဘဏ်ငါးဘဏ်အနက် လေးဘဏ်သည် ကတစ်ခုချင်းစီကို သီးသန့်အခြေပြုလုပ်ကိုင်သည့် ဘဏ်များဖြစ်နိုင်ကြောင်း တွေ့ရှိရသည်။
ယခု ဘဏ်အသစ် ငါးဘဏ်မတိုင်မီ ၂ဝ၁၃ မှ၂ဝ၁၅ ခုနှစ်အတွင်း ဗဟိုဘဏ်က နောက်ဆုံးခွင့်ပြုခဲ့သည့် ဘဏ်ငါးဘဏ်သည်လည်း သီးသန့်ကဏ္ဍအတွက် ဘဏ်များသာ ဖြစ်ကြသည်။
ထိုဘဏ်များမှာ မြန်မာအသေးစား ငွေရေးကြေးရေးဘဏ်၊ နေပြည်တော်စည်ပင်ဘဏ်၊ ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်၊ ရွှေကျေးလက်နှင့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးဘဏ်နှင့် ဧရာဝတီလယ်သမားများ ဖွံ့ဖြိုးတိုးတက်ရေးဘဏ်တို့ ဖြစ်ကြသည်။
''ပေါ်လစီဘဏ်တွေ များလာတာက ကောင်းတဲ့အချက်ရော၊ ဆိုးတဲ့အချက်ရော ရှိတယ်''ဟု ငွေကြေးကဏ္ဍဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးဖြစ်ပြီး ဂျာမန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်း (ဂျီအိုင်ဇက်)တွင် ငွေကြေးကဏ္ဍဖွံ့ဖြိုးရေး ဦးဆောင်သူအဖြစ် လုပ်ကိုင်လျက်ရှိသူ ဦးစံသိန်းက ပြောသည်။
'' ကော်မာရှယ်ဘဏ်တွေကျတော့ ကဏ္ဍစုံကိုအခြေပြုထားတဲ့အတွက် ယေဘုယျနည်းနည်းဆန်တယ်။ အဲဒါကြောင့် လုပ်ငန်းတွေက ဘဏ်ရဲ့ပံ့ပိုးမှုရဖို့က အတိုင်းအတာတစ်ခုအထိပဲ ဖြစ်နိုင်တယ်။ ပေါ်လစီဘဏ်တွေကျတော့ အားသာချက်က ကဏ္ဍတစ်ခုတည်းကို ဦးတည်တာဖြစ်တဲ့အတွက် အဲဒီကဏ္ဍ ကောင်းမွန်ဖို့အတွက် သေသေချာချာ အာရုံစိုက်နိုင်တယ်။ ဒီကဏ္ဍနဲ့ သက်ဆိုင်တဲ့သူတွေက ဘဏ်ပံ့ပိုးမှုရဖို့အတွက် ပိုပြီး အခွင့်အလမ်းများတယ် ''ဟု ၎င်းက ရှင်းပြသည်။
လုပ်ငန်းနယ်ပယ် ကဏ္ဍတစ်ခုတည်းအပေါ်အခြေပြုထားခြင်းကြောင့် အဆိုပါနယ်ပယ်၏ စီးပွားရေးအနိမ့်အမြင့်ပေါ် မူတည်၍ ဘဏ်ကိုရိုက်ခတ်သဖြင့် အားနည်းချက်များလည်းရှိသည်ဟု ၎င်းက ဆက်လက်သုံးသပ်သည်။
'' အားနည်းချက်အနေနဲ့က ပေါ်လစီဘဏ်တွေများတာဟာ အန္တရာယ်တော့ နည်းနည်းများတယ်။ အဲဒီစီးပွားရေးကဏ္ဍ ကျဆင်းတာမျိုးဖြစ်လာရင် ဒီဘဏ်တွေက ဆုံးရှုံးနိုင်ခြေကို ဘယ်လိုစီမံမလဲပေါ့။ အဲဒါကြောင့် ပေါ်လစီဘဏ်တွေဟာ ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှု (Risk Management) ကို ကောင်းကောင်းရှိထားဖို့တော့ လိုတယ် ''ဟု ၎င်းက ပြောသည်။
သို့ရာတွင် မြန်မာနိုင်ငံကဲ့သို့ ငွေရေးကြေးရေးပံ့ပိုးမှုရရှိသည့် အခွင့်အလမ်းနည်းပါးသည့်နိုင်ငံတွင်မူ ကဏ္ဍတစ်ခုချင်းအပေါ် အားစိုက်လုပ်ကိုင်မည့် ဘဏ်လုပ်ငန်းများ ပေါ်ထွက်လာခြင်းကလည်း စီးပွားရေးလုပ်ငန်းများအတွက် အခွင့်အလမ်းဖြစ်နိုင်သည်ဟု ၎င်းက ပြောသည်။
ဗဟိုဘဏ် ဒုတိယဥက္ကဌဟောင်းဖြစ်ပြီး ပုဂ္ဂလိကဘဏ်လုပ်ငန်းကြီးတစ်ခု၏ အကြီးတန်းအကြံပေးအဖြစ် လုပ်ကိုင်လျက်ရှိသူ ဦးသန်းလွင်ကမူ မြန်မာနိုင်ငံအနေဖြင့်မူ ထိုကဲ့သို့ ကဏ္ဍတစ်ခုချင်းစီအလိုက် ဘဏ်လုပ်ငန်းများ ဖွင့်လှစ်ခွင့်ပေးခြင်းထက် ဒေသအလိုက် ဘဏ်လုပ်ငန်းများကို ဖွင့်လှစ်ခွင့်ပေးခြင်းက ပိုမိုအကျိုးသက်ရောက်မှုရှိနိုင်သည်ဟု ပြောသည်။
'' ကဏ္ဍတစ်ခုချင်းစီအလိုက် ဘဏ်လုပ်ငန်းတွေပေးတယ်ဆိုတာမျိုးကတော့ နိုင်ငံတကာမှာ သိပ်တော့မရှိဘူး။ ဒီမှာက နည်းနည်းတော့ထူးဆန်းတယ်။ အဲဒါထက် ပိုပြီးဖြစ်သင့်တာက ဒေသတစ်ခုချင်းစီအလိုက် ဘဏ်တွေများများပေါ်လာဖို့ လိုတယ်။ ဥပမာ ရှမ်းပြည်ဆိုရင် ရှမ်းပြည်ဖွံ့ဖြိုးတိုးတက်ရေးဘဏ် စသဖြင့်ပေါ့။ specialized bank တွေ များများရှိလာသင့်တယ်။ အဲတော့မှ သူ့ဒေသသူ သေချာလေး လုပ်နိုင်ပြီး ပိုထိရောက်တယ် ''ဟု ဦးသန်းလွင်က ပြောသည်။
ထို့ပြင် ပေါ်လစီဘဏ်များသည် ဗဟိုဘဏ်က တားမြစ်ထားသည့်စည်းကမ်းဖြစ်သော ဘဏ်နှင့်ဆက်စပ်ပုဂ္ဂိုလ်များကို ငွေကြေးပံ့ပိုးမှုများ ဖြစ်စေနိုင်သည့် အလားအလာရှိသဖြင့် ဗဟိုဘဏ်က စနစ်တကျ စောင့်ကြည့်ရန် လိုသည် ဟု ၎င်းက ထောက်ပြသည်။
ပေါ်လစီဘဏ်များသည် သက်ဆိုင်ရာစီးပွားရေးလုပ်ငန်းများ၏ အသိုင်းအဝိုင်းနှင့် အသင်းအဖွဲ့များက ဖွဲ့စည်းတည်ထောင်ထားခြင်းဖြစ်သည်။ ထို့အတွက် ဘဏ်နှင့် သက်ဆိုင်ဆက်စပ်သူများ (Related Parties) ကိုသာ ငွေကြေးပံ့ပိုးမှုအများဆုံးပေးခြင်း ရှိလာပါကလည်း အန္တရာယ်ကြီးနိုင်သည်ဟု ၎င်းက ပြောသည်။
'' ဒီအချက်တွေ ဖြစ်မလာဖို့အတွက်လည်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က မူဝါဒတွေ၊ ညွှန်ကြားချက်တွေ ထုတ်ထားတာ ရှိပြီးသား ဖြစ်ပါတယ်။ ဒါကို အဲဒီဘဏ်တွေက တကယ်လိုက်နာပြီးလုပ်ရင်တော့ ပြည်တွင်းလုပ်ငန်းတွေအတွက်လည်း ပိုပြီး အဆင်ပြေလာမှာဖြစ်သလို ဘဏ်တွေအနေနဲ့လည်း ခိုင်ခိုင်မာမာရပ်တည်ဖို့ ပိုပြီးအားကောင်းနိုင်တယ် '' ဟု ဦးစံသိန်းက ပြောသည်။
လက်ရှိမြန်မာနိုင်ငံတွင် တည်ထောင်ထားသည့် နိုင်ငံပိုင်ဘဏ် မဟုတ်သည့်ဘဏ် ၂၄ ဘဏ်ရှိပြီးယင်းတို့အနက် ငါးဘဏ်မှာ ပေါ်လစီဘဏ်များဖြစ်ကြသည်။ သို့ရာတွင် အဆိုပါဘဏ်များသည် ကဏ္ဍတစ်ခုတည်းကို အားထားလုပ်
ကိုင်ခြင်းထက် အခြားသော စီးပွားရေးလုပ်ငန်းများကိုလည်း တစ်ခါတစ်ရံ ငွေချေးကြသည်လည်း ရှိသည်။
Credit: The Myanmar Times