ငမိုးရိပ် (သစ္စာလမ်း) တံတားသစ် တည်ဆောက်ပြီးစီးပြီနောက် ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်တွင် နေထိုင်ရန် ယခင်ကထက် စိတ်ဝင်စားမှု များလာသည်ဟု အိမ်ခြံမြေ အကျိုးဆောင်များက ပြောသည်။
ယခင်တံတားဟောင်းကို အစားထိုး လိုက်သည့် တံတားသစ်သည် တောင်ဥက္ကလာပ မြို့နယ်ရှိ သစ္စာလမ်းနှင့် ဒဂုံမြို့သစ် မြောက်ပိုင်းရှိ ငါးမာန်အောင်ဘုရားလမ်းကို ဆက်သွယ်ပေးထားပြီး နိုဝင်ဘာ ၂၉ ရက်က ဖြတ်သန်းသွားလာခွင့် စတင်ခွင့်ပြုခဲ့သည်။
တံတားသစ်တည်ဆောက်ပြီးနောက် ဒဂုံမြောက်ပိုင်းနှင့် ဒဂုံတောင်ပိုင်းသို့ ယခင်ကထက် သွားလာရေး ပိုမိုလွယ်ကူ အဆင်ပြေလာသဖြင့် အိမ်ခြံမြေဈေးကွက်ကို ယခင်ကထက် စိတ်ဝင်စားမှု ပိုမိုများပြားလာခြင်းဖြစ်သည်။
'' ဒီလိုမျိုး သွားလာရေးလွယ်ကူအောင် တံတားတွေ ဖွင့်တယ်ဆိုရင် အဲဒီပတ်ဝန်းကျင်မှာ အိမ်ခြံမြေ အရောင်းအဝယ် ဖြစ်လေ့ရှိတာကို သွားတွေ့ရတယ်။ အခုလည်း အဲဒီဘက်မှာ အိမ်ခြံမြေလှုပ်ရှားမှုရှိတယ်။ မေးတဲ့သူတွေ စုံစမ်းသူတွေ များလာတယ်။ နောက်ပိုင်းမှာ အငှားပိုင်းအနေနဲ့လည်း နေရာဒေသတစ်ခုမှာ သွားလာရေး လွယ်ကူတယ်ဆိုရင် လူတွေ နေထိုင်တာ များလာမှာဖြစ်တဲ့အတွက် အငှားတွေလည်း ပိုပြီးများလာမှာပါ ''ဟု အိမ်ခြံမြေ ရောင်းဝယ်ငှားဝဘ်ဆိုက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးနေမင်းသူက ပြောသည်။
ဒဂုံမြို့သစ်မြောက်ပိုင်း၏ အိမ်ခြံမြေ ဈေးကွက်ကို စိတ်ဝင်စားမှုများပြားလာသော် လည်း လက်ရှိဖြစ်ပေါ်နေသည့် ရန်ကုန် အိမ်ခြံမြေဈေးကွက်မှာ အေးနေသောကြောင့် ဈေးနှုန်းမှာမူ အပြောင်းအလဲမရှိကြောင်း အိမ်ခြံမြေအကျိုးဆောင်များက ဆိုသည်။
''တကယ်နေမယ့်သူတွေအတွက် ဝယ်မယ်ဆိုရင် အဆင်ပြေတယ်။ အရင်တုန်းက လိုမျိုး မြောက်ဒဂုံဘက်ကို လမ်းကျပ်ကျပ် တည်းတည်းမသွားရတော့ဘူး။ ချောင်ချောင်ချိချိသွားရတယ်။ ဈေးတွေလည်း ဒဂုံမြောက်ပိုင်း ဆိုရင် မဆိုးဘူး''ဟု မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း၏ အထွေထွေအတွင်းရေးမှူး ဒေါ်မို့မို့အောင်က ပြောသည်။
ဒဂုံမြို့သစ်မြောက်ပိုင်းနှင့် တောင်ပိုင်းတွင် တည်နေရာအနေအထားအပေါ် မူတည်ကာ ဈေးနှုန်းအမျိုးမျိုးရှိနေပြီး အနည်းဆုံး တိုက်ခန်းအရောင်းဈေး ကျပ်သိန်း ၂ဝဝ မှ ကျပ်သိန်း ၃ဝဝ ဝန်းကျင်အတွင်း ရှိနေသည်ဟု အိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။ မြေဈေးနှုန်းမှာ တစ်ပေပတ်လည် ပျမ်းမျှ ကျပ်သုံးသိန်းဝန်းကျင် ရှိနေသည်။
ငမိုးရိပ် (သစ္စာလမ်း) တံတားကို ၂ဝ၁၇ ခုနှစ်၊ ဧပြီတွင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး နိုဝင်ဘာနှောင်းပိုင်းတွင် စတင်ဖြတ်သန်းသွား လာခွင့်ပြုခဲ့သည်။
Credit: The Myanmar Times