အသေးစား၊ အလတ်စားလုပ်ငန်းများကို ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA)က တစ်နှစ် တစ်ကြိမ် ဝင်ရောက်စာရင်းစစ်ဆေးခြင်းများကို ကုမ္ပဏီဥပဒေအသစ်အရ ပြုလုပ်တော့မည်မဟုတ်ကြောင်း ယင်းဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောကြားသည်။
ယင်းကဲ့သို့ တစ်နှစ်တစ်ခါ စာရင်းစစ်ခြင်းကြောင့် ကုမ္ပဏီဘက်တွင် ကျပ်သန်းနှင့်ချီ၍ ငွေကြေးများ အကုန်အကျ ခံရခြင်း၊ အချိန်ကုန်ခြင်း စသည့်အခြေအနေများဖြင့် ဝန်ပိနေသည့်အတွက် ဥပဒေ အသစ်တွင် ဖြေလျှော့ပေးလိုက်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
“ကုမ္ပဏီငယ်လေးတွေကို စာရင်းမစစ်ဘူးပဲပြောတာ။ ဥပဒေအရ ရေးဆွဲရမယ့် ငွေရေးကြေးရေးစာရင်းတွေကို သူတို့ဘက်က ရေးဆွဲရမယ်။ ကုမ္ပဏီ အသေးလေးတွေက အနည်းဆုံး လူနှစ်ယောက် သုံးယောက်လောက်ပဲ ပိုင်တာ။ ဒါကိုစာရင်းတွေက သူတို့သုံးယောက်လောက်ကျေနပ်ရင်ရပြီ။ အစိုးရကဝင်စစ်စရာမလိုဘူး” ဟု ၎င်းက ရှင်းပြသည်။
သို့သော် ကုမ္ပဏီအသေးများကို နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများနှင့်အတူ စာရင်းမစစ်ခြင်းဖြစ်ပြီး သန်းနှင့်ချီ ရင်းနှီးမြှုပ်နှံထားသည့် ကုမ္ပဏီများနှင့် အများပိုင်ကုမ္ပဏီများကို ငွေကြေးဆိုင်ရာကိစ္စများ၊ ရှယ်ယာကိစ္စများအတွက် လိုအပ်သည့်စာရင်းများကို တစ်နှစ်တစ်ခါ ဝင်ရောက်စစ်ဆေးမည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။
ယခုနှစ်နိုဝင်ဘာလအတွင်းက အတည်ပြုခဲ့သည့် ကုမ္ပဏီအက်ဥပဒေတွင် လူဦးရေနည်းပါးသည့် လုပ်ငန်းများကို အသေးစားဟုသတ်မှတ်ထားပြီး လက်ရှိကျင့်သုံးနေသည့် ကုမ္ပဏီဥပဒေတွင် အသေးစား၊ အလတ်စားဟု ခွဲခြားထားခြင်းမရှိခြင်းကြောင့် ကုမ္ပဏီ အက်ဥပဒေသစ် စတင်ကျင့်သုံးပါက ကုမ္ပဏီအသေးစားများအဖြစ် ပြောင်းလဲရမည်ဖြစ်ကြောင်း အထည်ချုပ်လုပ်ငန်းရှင် တစ်ဦးက ပြောကြားသည်။
“အခုလောလောဆယ်တော့ ကုမ္ပဏီတွေကို ဘာမှမပြောသေးဘူး။ ဒါပေမဲ့ ကုမ္ပဏီအသေးလေးတွေအတွက် ဒီလိုဖြေလျှော့ပေးထားတာ ကောင်းတယ်။ ကုမ္ပဏီအသေးကို လူဦးရေအနည်းအများပေါ် မူတည်ပြီးခွဲမှာ ပိုင်ဆိုင်မှုအပေါ် ကြည့်ပြီးခွဲမှာ မဟုတ်ဘူး” ဟု ၎င်းက ဆိုသည်။
လတ်တလော ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီပေါင်း ငါးသောင်းကျော်ရှိပြီး ကုမ္ပဏီတစ်ခု၏ မတည်ငွေမှာ အနည်းဆုံး ကျပ်သိန်း ၅၀ ရှိရမည်ဖြစ်ကြောင်း DICA ထံမှ သိရသည်။
Credit: The Voice