မန္တလေးဈေးချိုတော်သည် အရောင်းအဝယ်အချက်အချာကျသည့် အတွက် လစ်လပ်နေသည့် ဈေးချိုတော် တတိယထပ်နှင့် စတုတ္ထထပ် နေရာများတွင် ပိုမိုစည်ကားလာစေရန် ပြင်ပပုဂ္ဂလိကလုပ်ငန်းရှင် များအား ငှားရမ်းပေးမည်ဖြစ်ကြောင်း မြို့တော်စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောဆိုသည်။
နေရာချထား
အဆိုပါနေရာများကို ငှားရမ်းရာတွင် နှစ်ရှည်ငှားရမ်းမည်ဖြစ်ပြီး ယင်းအစီအစဉ်ကြောင့် ဈေးချိုတော် စက်လှေကားနှင့် ဓာတ်လှေကားများ ပြင်ဆင်ခြင်းတို့ကို ဆောင်ရွက်ထားပြီး မူလဆိုင်ခန်းရှင်များကိုလည်း မနစ်နာစေရန် နေရာချထားပေးမည်ဖြစ်သည်။
"ရောင်းသူ ဝယ်သူတွေနဲ့ စည်စည်ကားကား ဖြစ်စေချင်လို့ပါ။ ဈေးချိုအပေါ်ထပ်မှာ မဖွင့်တော့တဲ့ ဆိုင်တွေလည်းရှိတယ်။ ဟိုးအရင် ကတည်းက လစ်လပ်နေတဲ့ ကလေးကစားကွင်းလို နေရာလည်းရှိနေ ပါတယ်။ အဓိကကတော့ Super Market နဲ့ City Mart လို ဆိုင်ကြီးတွေ ဖွင့်လှစ်လိုသူတွေကို အဓိကငှားရမ်းချင်ပါတယ်။ ငှားရမ်း လို့လည်းရပါပြီ" ဟု ၎င်းက ပြောဆိုသည်။
မန္တလေးမြို့ဈေးချိုတော်တွင် ဆိုင်ခန်းပေါင်း ၂,ဝ၀ဝ ကျော်ရှိရာ တတိယထပ်နှင့် စတုတ္ထထပ်ရှိ ဆိုင်ခန်းပေါင်း ၇၀ဝ -ခန့်အနက် ဆိုင်ခန်း ပေါင်း ၁၅၀ ခန့်သာ ပိုင်ရှင်ရှိပြီး ယင်းအထပ်များသို့ ဈေးဝယ်များ လာရောက်ခြင်းမရှိ၍ လစ်လပ်ဆိုင်ခန်းများနှင့် ကုန်ပစ္စည်းသိုလှောင်မှု များရှိနေသဖြင့် ငှားရမ်းရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။
စည်ကားလာမည်
"လုပ်ငန်းရှင်တစ်ဦးက တတိယထပ်မှာ လက်လီဈေးကွက်ဖြစ်တဲ့ Shopping Mall လုပ်မယ်ဆိုရင် မနက်ကနေ ညပိုင်းအထိဖွင့်တာ ဆိုတော့ လိုအပ်သလိုလုပ်ပေးမှာပါ။ ဒီလိုလုပ်လိုက်လို့ လူအဝင်အထွက် များလာရင်လည်း တတိယထပ်မှာ စည်ကားလာမယ်လို့ မျှော်လင့် ပါတယ်။ ကုမ္ပဏီရုံးခန်းနဲ့ Shopping Mall လုပ်မယ့်သူတွေ အဆင်ပြေမယ်" ဟု ဈေးချိုတော် အကျိုးဆောင်အဖွဲ့အတွင်းရေးမှူး ဦးမင်းမင်းက ပြောဆိုသည်။
လက်ရှိဈေးချိုတော်တွင် ရုံအတွင်းပိုင်းမှ အတက်အဆင်းပြုလုပ်သည့် စက်လှေကား ခြောက်စင်းနှင့် ဓာတ်လှေကားတစ်စင်းရှိပြီး ဈေးချိုတော် တတိယထပ်နှင့် စတုတ္ထထပ်တို့တွင် ဈေးဝယ်များမရှိသဖြင့် ဆိုင်ခန်း အချို့သာ ဖွင့်ထားပြီး အချို့အခန်းပိုင်ရှင်များက အသုံးမပြုသော်လည်း ကျသင့်အခွန်ပေးဆောင်နေကြောင်း သိရသည်။
Credit: Myanmar Times