ရန်ကုန်စတော့အိတ်ချိန်း (YYSX) ၏ငါးခုမြောက် စာရင်းဝင်ကုမ္ပဏီဖြစ် လာသည့် TMH တယ်လီကွန်း အများ နှင့်သက်ဆိုင်သော ကုမ္ပဏီ၏ရှယ်ယာ များ ဒီဇင်ဘာလကုန်တွင် အရောင်း အဝယ် စတင်နိုင်မည်ဟု မြန်မာနိုင်ငံငွေချေးသက်သေခံ လက်မှတ်ကြီးကြပ်ရေးကော်မရှင် (SECM) အဖွဲ့ဝင်ဦးဌေးချွန်က မြန်မာတိုင်းမ်နေ့စဉ်သို့ ပြောဆိုသည်။
အရောင်းအဝယ်စမည်
"ကုမ္ပဏီရဲ့ အလားအလာညွှန်းတမ်းကို ကနဦးအတည်ပြုချက်ပေးလိုက်တာ။ ရင်းနှီး မြှုပ်နှံသူတွေအပေါ်မှာ ကုမ္ပဏီရဲ့အကြောင်း၊ အလားအလာညွှန်းတမ်းအကြောင်းတွေကို ရှင်းလင်းပြရဦးမယ်။ အဲဒီအစီအစဉ်တွေလုပ်ပြီး မှ Process ကို Final Approval ဈေးနှုန်း သတ်မှတ်ရဦးမယ်။ ဒီလကုန်လောက်မှာ အ ရောင်းအဝယ်စနိုင်မယ်။ အခုရှယ်ယာ ရောင်း ချဖို့ကမ်းလှမ်းနိုင်ပြီ။ ဈေးနှုန်းတွေသတ်မှတ်ဖို့ လုပ်နေပါတယ် "ဟု ၎င်းက ပြောဆိုသည်။
အောင်မြင်စွာလုပ်ဆောင်
TMH တယ်လီကွန်းအများနှင့်သက်ဆိုင် သောကုမ္ပဏီမှ တင်ပြလာသော လျှောက်လွှာ အချက်အလက်အများကို စနစ်တကျ စိစစ် ၍ Securiteies Exchange ဥပဒေနှင့် Securities Listimg Business နည်း ဥပဒေနှင့်အညီ IPO လုပ်ငန်းစဉ်ကို အောင် မြင်စွာလုပ်ဆောင်နိုင်ခဲ့ခြင်းကြောင့် အဆိုပါ ကုမ္ပဏီကို ရန်ကုန်စတော့အိတ်ချိန်းစာရင်း ဝင်အဖြစ် ဒီဇင်ဘာ ၁ ရက်တွင်ခွင့်ပြုပေးလိုက် ခြင်းဖြစ်ကြောင်း ရန်ကုန်စတော့အိတ်ချိန်းမှ သိရသည်။
TMH တယ်လီကွန်းအများနှင့်သက်ဆိုင် သော ကုမ္ပဏီ၏ အစုရှယ်ယာများ စာရင်းဝင် အဖြစ် သတ်မှတ်မည့်ရက်စွဲကိုလည်းအချိန် မီထပ်မံထုတ်ပြန်မည်ဖြစ်ကြောင်း သိရသည်။
"အခုက အစုရှယ်ယာတွေကို Listed လုပ်တာမဟုတ်သေးဘူး။ ဈေးနှုန်းသတ်မှတ် ချက်အတွက် အလားအလာညွှန်းတမ်းကို ကန ဦးအတည်ပြုချက်ပေးလိုက်တာ။ ကျွန်တော် တို့ဆီတင်တဲ့ ကုမ္ပဏီရဲ့အလားအလာညွှန်း တမ်းမှာဈေးနှုန်းသတ်မှတ်ချက်မပါသေးဘူး။ ဈေးနှုန်းသတ်မှတ်ဖို့အတွက် ရင်းနှီးမြှုပ်နှံသူ တွေ၊ Securities Company တွေနဲ့ လုပ် ရဦးမယ်။ ပြီးတော့မှ ယာယီအတည်ပြုတဲ့ နေ့ကစပြီး ၃၅ ရက်အကြာ ၂၀၁၈ ဇန်နဝါ ရီလောက်မှာ စာရင်းဝင်ကုမ္ပဏီအဖြစ် ထပ်မံ ကြေညာနိုင်မယ်" ဟု ဦးဌေးချွန်က ဆက်လက် ပြောဆိုသည်။
အရောင်းအဝယ်ပြုလုပ်
လက်ရှိရန်ကုန်စတော့အိတ်ချိန်း၌ ပထမ မြန်မာရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ (FMI)၊ မြန်မာ သီလဝါအထူးစီးပွားရေးဇုန်အများပိုင်ကုမ္ပဏီ (MTSH )၊ မြန်မာနိုင်ငံသားများဘဏ်( MCB) နှင့် ပထမပုဂ္ဂလိကဘဏ် (FPB) စသည့် စာ ရင်းဝင်ကုမ္ပဏီလေးခုဖြင့် ရှယ်ယာအရောင်းအဝယ်ပြုလုပ်လျက်ရှိပြီး အဆိုပါကုမ္ပဏီများမှာ ရှိပြီးသားရှယ်ယာအဟောင်းများကိုသာ အ ရောင်းအဝယ်ပြုလုပ်နေခြင်းဖြစ်သည်။ ရန်ကုန် စတော့အိတ်ချိန်း၏ငါးခုမြောက်စာရင်းဝင် ကုမ္ပဏီ ဖြစ်လာသည့် TMH တယ်လီကွန်း ကုမ္ပဏီသည် အများပြည်သူကိုရှယ်ယာအ သစ်များကမ်းလှမ်းရောင်းချမည့် IPO ဖြင့် ပထမဆုံးဝင်ရောက်လာမည့် စာရင်းဝင်ကုမ္ပ ဏီဖြစ်သည်။
ရုံးခွဲပေါင်း ၃၀
TMH တယ်လီကွန်းအများနှင့်သက်ဆိုင် သောကုမ္ပဏီသည် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများနှင့် အိုင်တီနည်းပညာ ဝန်ဆောင် မှုများလုပ်ကိုင်နေသည့် ကုမ္ပဏီတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံတစ်ဝန်းတွင် ရုံးခွဲပေါင်း ၃၀ နှင့် ဝန်ထမ်းပေါင်း ၄၂၃ ဦးရှိကြောင်း သိရသည်။
Credit: Myanmar Times