ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် ဟံသာဝတီလေဆိပ် စီမံကိန်းပြန်လည်စတင်ရန် ပြင်ဆင်နေပြီး စီမံကိန်းဧရိယာအတွင်း ကျူးကျော်နေထိုင်သူများအနက် အထောက်အထားခိုင်လုံသော နေအိမ်များကို မြေအစားထိုးပေးမည်ဖြစ်ကြောင်း ပဲခူးတိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။
“လက်ရှိမှာ စီမံကိန်းပတ်လမ်းမှာရှိနေတဲ့ ရော်ဘာခြံတွေကို သီးနှံလျော်ကြေးပေးသွားဖို့နဲ့ အပင်ရဲ့သက်တမ်းကို စစ်ဆေးနိုင်ဖို့ ရော်ဘာလုပ်ငန်းရှင်တွေနဲ့ စိုက်ပျိုးရေးဌာနနဲ့ တွေ့ဆုံညှိနှိုင်းဖို့ ရှိနေပါတယ်။ လူနေအိမ်နဲ့ ဘုန်းကြီးကျောင်းတွေကိစ္စကတော့ သူ့အဆင့်လိုက်လာပါလိမ့်မယ်” ဟု ပဲခူးတိုင်းဒေသကြီး သယံဇာတ၊ သစ်တောနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးကျော်မင်းစံက ပြောကြားသည်။
လေဆိပ်စီမံကိန်းဧရိယာထဲ ပါဝင်နေသည့် လူနေအိမ် ၁၂၀ဝ ကျော်နှင့် ဘုန်းတော်ကြီးကျောင်းအချို့လည်း ရှိနေသည့်အနက် အထောက်အထားပြသနိုင်သည့် လူနေအိမ် ၃၆၄ ကွက်နှင့်ဘုန်းတော်ကြီးကျောင်း ၉ ကျောင်းကို မြေနေရာအစားထိုးပေးအပ်မည်ဖြစ်ကြောင်း၊ အထောက်အထားမခိုင်လုံသည့် နေအိမ်များကိုရွှေ့ပြောင်းရန် စရိတ်ထောက်ပံ့ပေးမည်ဖြစ်ကာ နှစ်ရှည်ဥယျာဉ်ခြံမြေများနှင့်လယ်ယာမြေများကို သီးနှံလျော်ကြေး ပေးအပ်မည်ဖြစ်ကြောင်း တိုင်းအစိုးရထံမှ သိရသည်။
ပဲခူးမြို့နယ်အနီးရှိ ဟံသာဝတီ လေဆိပ်စီမံကိန်းကို တပ်မတော်အစိုးရလက်ထက်ကတည်းက တည်ဆောက်ရန် ပြင်ဆင်ခဲ့ခြင်းဖြစ်ပြီး အကျိုးတူပူးပေါင်းဆောင်ရွက်မည့် ကုမ္ပဏီများစွာနှင့် စာချုပ်ချုပ်ဆိုကာ တည်ဆောက်မည်ဟု ပြောကြားထားသော်လည်း ဦးသိန်းစိန်အစိုးရလက်ထက်အထိ စီမံကိန်းကို အကောင်အထည်ဖော်ဆောင်နိုင်ခြင်း မရှိချေ။
“လေဆိပ်စီမံကိန်း ပြန်လည်စတင်ဖို့ လက်ရှိအစိုးရကပြင်ဆင်နေပါတယ်၊ အရင်အစိုးရ အဆက်ဆက်မှာ လေဆိပ်စီမံကိန်းစမယ်ဆိုတဲ့သတင်းထွက်တိုင်း ခရိုနီကြီးအချို့နဲ့ မြေယာအရောင်းအဝယ်လုပ်သူတွေချည်း အကျိုးဖြစ်ထွန်းသွားပါတယ်၊ အခု အစိုးရလက်ထက်မှာ စီမံကိန်း အကောင်အထည်ဖော်မယ်ဆို အကျိုးရှာသမားတွေကို သေချာသတိထားသင့်တယ်” ဟု ပဲခူးမြို့ခံ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ပြောကြားသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့က လေဆိပ်စီမံကိန်းနယ်မြေထဲရှိ ကျူးကျော်များကိုရှင်းလင်းရန် ယခုနှစ်ဇန်နဝါရီက ကျူးကျော်အိမ်ခြေစာရင်းများကောက်ခံထားကြောင်း၊ လက်ရှိတွင် ဥဿာမြို့သစ် ရပ်ကွက်ကြီး ၈၊ ဆပ်ပြာကျင်း၊ ဝါးမရမ်းကျေးရွာအပါအဝင် လေဆိပ်စီမံကိန်းနယ်မြေအတွင်း ကျူးကျော်အိမ်များနှင့် ဘုန်းတော်ကြီးကျောင်း ၁၂၀ဝ ကျော်ခန့်ရှိနေကြောင်း တိုင်းအစိုးရက ထုတ်ပြန်သည်။
ပဲခူးမြို့အနီး တည်ဆောက်ရန်ပြင်ဆင်နေသည့် ဟံသာဝတီလေဆိပ်သစ်ကြီးကို ယခင် အစိုးရဟောင်းလက်ထက် ကိုရီးယားနိုင်ငံ အင်ချွန်း နိုင်ငံတကာကုမ္ပဏီနှင့် သဘောတူစာချုပ် ချုပ်ဆိုခဲ့ပြီး စာချုပ်ပျက်ပြယ်သွားသည့်အပြင် ဂျပန်နိုင်ငံမှ GC-Yangnam Changi Airport International နှင့် လုပ်ငန်းအကောင်အထည်ဖော်ဆောင်နေခြင်းဖြစ်ပြီး ၂၀၂၂ တွင် စီမံကိန်းပြီးစီးမည်ဟု ခန့်မှန်းထားကြောင်း တိုင်းအစိုးရထံမှ သိရသည်။
Credit: The Voice