အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျလိမြို့အခြေစိုက် ပေါ့ပ်ရော့ခ်တေးဂီတဝိုင်း Maroon 5 မှ ရှေ့ထွက်အဆိုတော် အဒမ်လာဗင်းသည် လော့စ်အိန်ဂျလိရှိ နေအိမ် ၂ လုံးကို အရောင်းဈေးကွက်တင်လာသည်။
ဟွမ်ဘီဟေးလ်အရပ်ရှိ နေအိမ်သည် မစ္စတာလာဗင်းတို့ ဇနီးမောင်နှံဝယ်ယူထားခဲ့သည်မှာ ၄ လခန့်ပင် ရှိသေးသည်။ယခုအခါအဆိုပါနေအိမ်ကို ကန်ဒေါ်လာ ၁၈ ဒသမ ၉ သန်းဖြင့် ဈေးကွက်တင်လာသည်။
မစ္စတာလာဗင်းသည် အသက် ၃၈ နှစ်ရှိပြီဖြစ်ပြီး ဇနီးဖြစ်သူ နမီးဘီးယန်းမော်ဒယ်လ် ဘီဟာတီ ပရင်စလူးမှာ အသက် ၂၈ နှစ် အရွယ်ဖြစ်သည်။
လာဗင်းတို့ဇနီးမောင်နှံသည် နာမည်ကျော် ဘီဗာလီဟေးလ်တွင်လည်း ၂၀၁၂ ခုနှစ်က နေအိမ်တစ်လုံးဝယ်ယူပိုင်ဆိုင်ထားရာ ယခုအခါ ယင်းနေအိမ်ကိုလည်း ကန်ဒေါ်လာ ၁၅ ဒသမ ၉ သန်းဖြင့် တစ်ချိန်တည်း ဈေးကွက်တင်လာသည်။
ဟွမ်ဘီဟေးလ်နေအိမ်ကို ပြီးခဲ့သည့် သြဂုတ်လအတွင်း ကန်ဒေါ်လာ ၁၈ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ရာ ပြန်လည်ရောင်းချရာတွင် အနည်းငယ်သာ ဈေးတင်ထားခြင်း ဖြစ်သည်။
မူလက ဟွမ်ဘီဟေးလ်နေအိမ်ကို အကြီးစားမွမ်းမံပြင်ဆင်မှုများ ပြုလုပ်ရန် စိတ်ကူးခဲ့သော်လည်း ယခုအခါတွင်မူ ပရင်စလူးမှာ ဒုတိယရင်သွေးကို ကိုယ်ဝန်လွယ်ထားရပြီဖြစ်ခြင်းကြောင့် ယင်းနေအိမ်ကို ပြန်လည်ရောင်းချရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။
“ဒီအိမ်ကို ပြုပြင်ဖို့ ကျွန်တော်တို့မှာ အချိန်မရတော့ပါဘူး” ဟု မစ္စတာလာဗင်းက ပြောကြားခဲ့ကြောင်း အရောင်းဈေးကွက်တင်သည့် Westside Estate Agency မှ အကျိုးဆောင်တစ်ဦးဖြစ်သူ ကာ့ထ် ရာပါပို့ထ်က ပြန်လည်ပြောပြသည်။
နေအိမ်မှာ ပြင်သစ်ရီဂျန်စီဗိသုကာဟန်ဖြင့် ၁၉၆၀ ပြည့်လွန်နှစ်များအတွင်း ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။မူလကမူ ဟွမ်ဘီဟေးလ်နေအိမ်တွင် မိသားစုအခြေချရန် မစ္စတာလာဗင်းက ရည်ရွယ်ခဲ့သည်။
ပရင်စလူးသည် ပထမဆုံးရင်သွေး ဒပ်စ်တီ ရို့စ်ကို ပြီးခဲ့သော ၂၀၁၆ ခုနှစ်အတွင်းက မွေးဖွားခဲ့ခြင်း ဖြစ်သည်။
ခြံဝန်းအကျယ်မှာ ၁ ဒသမ ၂ ဧကရှိပြီး လော့စ်အိန်ဂျလိမြို့ကြီးကို အပေါ်စီးမှ တွေ့မြင်ရသည့်ကုန်းမြင့်ပေါ်တွင် တည်ရှိကာ ခြံဝန်းအတွင်း ဧည့်ဂေဟာအဖြစ် အသုံးပြုသည့် ၂ ထပ်အဆောက်အအုံတစ်လုံးလည်း ပါဝင်သည်။
မစ္စတာလာဗင်းသည် ဟွမ်ဘီဟေးလ်နေအိမ်ကို ဈေးကွက်တင်ပြီး နောက်တစ်ရက်တွင် ဘီဗာလီဟေးလ်နေအိမ်ကို ဆက်တိုက် အရောင်းဈေးကွက်တင်ခဲ့ခြင်းဖြစ်သည်။
ဘီဗာလီဟေးလ်နေအိမ်၏ ခြံဝန်းအကျယ်မှာ ၃ ဒသမ ၆ ဧကခန့်အထိရှိပြီး ဝယ်ယူခဲ့စဉ်က ကန်ဒေါ်လာ ၄ ဒသမ ၈၃ သန်းသာ ပေးခဲ့ရသောကြောင့် ယခုခေါ်ဈေးဖြင့် ရောင်းထွက်ပါက ကန်ဒေါ်လာ ၁၁ သန်းကျော် မြတ်စွန်းမည် ဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)