ရှန်ဂရီလာဟိုတယ်အုပ်စု၏ ပိုင်ရှင် ဟောင်ကောင်သူဌေးကြီး Robert Kuok ပိုင်သည့်ကုမ္ပဏီတစ်ခုဖြစ်သော Allgreen Properties သည် စင်္ကာပူရှိ အဆောက်အအုံ နေရာ ၂ ခုကို ဒေါ်လာ ၆၅၈ ဒသမ ၅၉ သန်းဖြင့် ဝယ်ယူလိုက်ကြောင်း စင်္ကာပူအခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ဝယ်ယူလိုက်သည့် အဆောက်အအုံနေရာ ၂ ခုအနက် ပထမတစ်ခုမှာ Royalville လူနေအိမ်ရာဝန်းဖြစ်ပြီး ဒေါ်လာ ၄၇၇ ဒသမ ၉၄ သန်းဖြင့် ဝယ်ယူလိုက်ခြင်းဖြစ်ကာ တစ်စတုရန်းပေလျှင် ၁၉၆၀ ဒေါ်လာကျသင့်ခဲ့ပြီး မူလခေါ်ဈေး ဒေါ်လာ ၃၆၈ သန်းထက် များစွာ ပိုမိုဈေးပေးကာ ဝယ်ယူလိုက်ခြင်းလည်း ဖြစ်သည်။
Allgreen ကုမ္ပဏီသည် ခရစ္စတယ်တာဝါကိုလည်း ဒေါ်လာ ၁၈၀ ဒသမ ၆၅ သန်းဖြင့် လေလံအောင်ခဲ့ရာ ၁ စတုရန်းပေလျှင် ၁၈၄၀ ဒေါ်လာပေးခဲ့ခြင်း ဖြစ်သည်။
အဆိုပါနေရာများကို ဈေးကွက်တင်ရောင်းချသည်မှာ Edmund Tie & Company မှဖြစ်ပြီး လေလံပွဲတွင် အဆိုပါနေရာ ၂ ခုလုံးအတွက် ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့ရာ Royalville လူနေအိမ်ရာဝန်းကို ဒေသတွင်းနှင့် ပြည်ပ developer ၉ ဦး ၊ ခရစ္စတယ်တာဝါကို လေလံဆွဲသူ ၁၂ တို့က ပြိုင်ယှဉ်လေလံဆွဲခဲ့ကြသည်။
Allgreen ကုမ္ပဏီသည် ယခုလေလံဆွဲအောင်မြင်ခဲ့ရာ အဆောက်အအုံများတည်ရှိသည့်နေရာနှင့် အစိမ်းသက်သက် မဟုတ်ချေ။
The Cascadia ကွန်ဒိုမီနီယံကို ၂၀၀၇ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ပြီး Bukit Regency ကို ၁၉၉၈ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ရာ ယခုဝယ်ယူလိုက်သည့် အဆောက်အအုံများတည်ရှိရာ အနီးဝန်းကျင်တွင်ပင် ဖြစ်သည်။
Allgreen ကုမ္ပဏီက စင်္ကာပူတွင် နောက်ဆုံးမြေနေရာဝယ်ယူခဲ့သည်မှာ ၂၀၁၁ ခုနှစ်အတွင်းဖြစ်ပြီး အစိုးရ၏မြေယာရောင်းချမှု အစီအစဉ် (GLS) programme ဖြင့် ရောင်းချခဲ့သည့် ၉၉ နှစ်ဂရမ်မြေတစ်ကွက်ကို ဒေါ်လာ ၂၇၀ ဒသမ ၂၈ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ၁ စတုရန်းပေလျှင် ၂၉၁ ဒသမ ၃၉ သန်းပေးခဲ့ရသည်။
Allgreen က အဆိုပါနေရာကို ဝယ်ယူပြီးနောက် အခန်းပေါင်း ၉၂၈ ခန်းပါ Riversails ကွန်ဒိုမီနီယံကို ဆောက်လုပ်ခဲ့သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)