အမေရိကန်ပြည်ထောင်စု၊ နယူးဂျာစီပြည်နယ်တွင် ဒုတိယမြောက်လူဦးရေအထူထပ်ဆုံးမြို့ဖြစ်သော ဂျာစီမြို့ဟူသည့် မြို့ကြီးတစ်မြို့ တည်ရှိ၏။
နယူးဂျာစီပြည်နယ်တွင် တည်ရှိသည်ဟုဆိုသော်လည်း နယူးယောက်ပြည်နယ်နှင့် ထိစပ်နေပြီး နယူးယောက်မြို့၏ အနောက်ဘက်တွင် ကပ်လျက်တည်ရှိသည်။
နယူးယောက်ရှိ ဂျနီဖာလီပန်နှင့် ဆန်ဒီ ပက်ခ်ျအမည်ရှိ ဇနီးမောင်နှံ ၂ ဦးသည် နယူးဂျာစီပြည်နယ်ရှိ ဂျာစီမြို့တွင် ကန်ဒေါ်လာ ၃၄၅၀၀၀ တန်ကြေးရှိ နေအိမ်ကို ဝယ်ယူခဲ့သော်လည်း ယခုတိုင်အဆိုပါနေအိမ်တွင် နေထိုင်ခဲ့ဖူးခြင်း မရှိချေ။
“ကျွန်တော်တို့က ခြေသလုံးအိမ်တိုင်သမားတွေဗျ။ ရေကြည်ရာမြက်နုရာကို အမြဲသွားနေကြတဲ့သူတွေပေါ့” ဟု ဆန်ဒီပက်ခ်ျက ပြောကြားသည်။
ခင်ပွန်းဖြစ်သူ ပက်ခ်ျသည် အသက် ၃၃ နှစ်ဖြစ်ပြီး ဇနီး လီပန်မှာ ၃၂ နှစ်အရွယ်ရှိပြီဖြစ်သည်။၎င်းတို့ ဇနီးမောင်နှံသည် ခွေး၊ ကြောင် အစရှိသည့် အိမ်မွေးတိရ စ္ဆာန်ထိန်းကျောင်းပေးသူများအဖြစ် အသက်မွေးကြပြီး ပိုင်ရှင်များ အလုပ်သွားနေချိန်တွင် ၎င်းတို့၏နေအိမ်ခန်းများသို့ သွားရောက်ကာ ထိန်းကျောင်းပေးကြရခြင်းဖြစ်သည်။
ပက်ခ်ျတို့ ဇနီးမောင်နှံက နေအိမ်ခန်း ဝယ်ယူနိုင်ရန် လွန်ခဲ့သည့် နှစ်နှစ်တာကာလအတွင်း ငွေစုဆောင်းခဲ့ရာ ကန်ဒေါ်လာ ၅၀၀၀၀ ခန့် စုဆောင်းမိခဲ့ကြသည်။
ယင်းနောက် ဂျာစီမြို့ရှိ အိပ်ခန်း ၄ ခန်းပါဝင်သည့် နေအိမ်တစ်လုံးကို ၎င်းတို့၏ စုဆောင်းငွေများဖြင့် ဝယ်ယူခဲ့ကြသည်။
အဆိုပါနေအိမ်မှာ ယိုယွင်းပျက်စီးနေသောနေအိမ်ဖြစ်ခြင်းကြောင့် ပြန်လည်မွမ်းမံမှုများ ပြုလုပ်ခဲ့ရ၏။
နေအိမ်ဝယ်ယူပြီးသွားသော်လည်း နေအိမ်အတွက် ချေးငွေဖြင့် ဖြည့်တင်းဝယ်ယူခဲ့ခြင်းဖြစ်ရာ အဆိုပါဘဏ်ချေးငွေကို ပြန်လည်ပေးဆပ်နိုင်ရန်အတွက် နေအိမ်ရှိအခန်းများကို တစ်ညလျှင် ဒေါ်လာ ၆၀ ဖြင့် ပြန်လည်ငှားရမ်းကာ ဝင်ငွေရှာခဲ့၏။
လူတစ်ဦးကိုမူ အဆိုပါနေအိမ်ကို စောင့်ကြပ်ရန်နှင့် သန့်ရှင်းရေးများလုပ်ရန် တာဝန်ပေးကာ အခမဲ့နေထိုင်ခွင့်ပေးထားခဲ့သည်။
၎င်းတို့ကိုယ်တိုင်ကမူ အိမ်ရာမဲ့များအဖြစ် လှည့်လည်သွားလာနေထိုင်လျက်ရှိကြလေသည်။
“အခန်းနဲ့ ကိုယ်ပိုင်နေနေတာဟာ နေရာဖြုန်းတီးတာပဲလို့ ကျွန်တော်အမြဲတမ်းခံစားရတယ်။ ပြီးတော့ အိမ်သုံးပစ္စည်းတွေ တော်တော်များများကလည်း လျှပ်စစ်ဓာတ်အားကို ဖြုန်းတီးနေတာပါ” ဟု ပက်ခ်ျက ဆိုသည်။
၎င်းတို့ နှစ်ဦးသည် OkCupid အမည်ရှိ အောင်သွယ်တော်ဝက်ဘ်ဆိုက်တစ်ခုမှတစ်ဆင့် ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလအတွင်း တွေ့ဆုံခဲ့ကြခြင်း ဖြစ်သည်။
၎င်းတို့နှစ်ဦး ချစ်ကြိုက်ကြပြီးနောက်ပိုင်း ၂၀၁၅ ခုနှစ်အတွင်းတွင်ပင် Woof Woof အမည်ရှိ အိမ်မွေးတိရိ စ္ဆာန်ထိန်းကျောင်းရေး ကုမ္ပဏီတစ်ခုကို တည်ထောင်ခဲ့ကြသည်။
ခွေး၊ ကြောင် တစ်ကောင်လျှင် တစ်ရက်တာ ထိန်းကျောင်းခ ဒေါ်လာ ၃၀ သတ်မှတ်ထားပြီး ထပ်တိုးတစ်ကောင်ချင်းအတွက် ၅ ဒေါ်လာကောက်ခံလေသည်။
အခြေတကျနေထိုင်သည့်နေရာမရှိခြင်းကြောင့် ကျောပိုးအိတ် ၂ လုံးတွင် အဝတ်အစားများ၊ သန့်စင်ခန်းသုံးပစ္စည်းများ၊ လက်ပ်တော့နှင့် ဆဲလ်ဖုန်းများထည့်ကာ လှည့်လည်သွားလာနေကြရ၏။
ပက်ခ်ျတို့ ဇနီးမောင်နှံ သွားလာလှုပ်ရှားပုံများကို Youtube တွင်လည်း ဗွီဒီယိုဖိုင်တစ်ခုလွှင့်တင်ထားရာ https://goo.gl/ezLgHo အင်တာနက်လင့်ခ်တွင် ကြည့်ရှုနိုင်ပါသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)