နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းရှင်များကို ဖိတ်ခေါ်ရန် ရန်ကုန်တိုင်း တောင်ပိုင်းခရိုင်နှင့် မြောက်ပိုင်းခရိုင်ရှိ မြို့နယ် ၁၁ ခုကို စက်မှုဇုန် ထူထောင်ရန် ရန်ကုန် တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မြေနေရာ ရွေးချယ်ပေးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သုံးခွ မဲဆန္ဒနယ်အမှတ် (၁) မှ ရန်ကုန် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေဝင်းက ပြောကြားသည်။
အစည်းအဝေးကို ဒီဇင်ဘာ ၂ ရက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ ခန်းမ (၃) တွင် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ရန်ကုန်တောင်ပိုင်းခရိုင်နှင့် မြောက်ပိုင်းခရိုင်ရှိ မြို့နယ်များတွင် စက်မှုဇုန်များ အကောင်အထည် ဖော်နိုင်ရေးအတွက် မြေနေရာ ရွေးချယ်ပွဲ အစည်းအဝေးကို ပြုလုပ်ကျင်းပခဲ့ခြင်းဖြစ်သည်။
“စက်မှုဇုန် ဆောက်မယ့်နေရာတွေကို ပြောလိုက်ရင် မြေဈေးတက်သွားမှာ စိုးရိမ်တယ်။ နေရာကိုတော့ မပြောချင်ဘူး။ တစ်မြို့နယ်ကို မြေဧက တစ်ထောင်စီမှာ စက်မှုလုပ်ငန်း အကောင်အထည် ဖော်မယ်။ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ်ဖို့ ရည်ရွယ်ချက် ဝန်ကြီးချုပ်က နေရာတွေ ရွေးထားတာကို ဒီနေ့ ပြောပြပါတယ်”ဟု ဦးနေဝင်းကဆိုသည်။
အဆိုပါ အစည်းအဝေးတွင် ရန်ကုန်တိုင်း တောင်ပိုင်းခရိုင်ရှိ ခရမ်း၊ သုံးခွ၊ ကျောက်တန်း၊ သန်လျင်၊ ကွမ်းခြံကုန်း မြို့နယ်များ ပါဝင်ပြီး မြောက်ပိုင်းခရိုင်ရှိ လှည်းကူး၊ မှော်ဘီ၊ တိုက်ကြီး၊ ထန်းတပင် မြို့နယ်အတွင်း စက်မှုဇုန် အကောင်အထည် ဖော်နိုင်ရန် စည်ပင်သာယာမှ ကွင်းဆင်းထားသည့် မြေနေရာများကို ရန်ကုန်တိုင်း အစိုးရအဖွဲ့က ချပြခဲ့ကြောင်း ၎င်းက ပြောကြားသည်။
အဆိုပါ မြို့နယ်များရှိ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များနှင့် စည်ပင်သာယာဌာနဆိုင်ရာများမှ ဒီဇင်ဘာလ နောက်ဆုံးအပတ်တွင် အစိုးရ သတ်မှတ်ထားသည့် မြေနေရာများသို့ ကွင်းဆင်းလေ့လာမည်ဟု မှော်ဘီ မဲဆန္ဒနယ် (၁) ရန်ကုန် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဆန်းဝင်းက ပြောကြားသည်။
“အရင် စက်မှုဇုန်ဟောင်းနေရာတွေရှိတယ်၊ လက်ရှိ အမှတ် (၄) လမ်းမ မှာ သတ်မှတ်ထားတဲ့နေရာရှိတဲ့ မြေတွေကိုပေါ့။ စက်မှုဇုန် အကောင်အထည် ဖော်မယ်လို့ပြောတယ်။ ကျွန်တော်တို့ အခု ကွင်းဆင်းရဦးမယ်။ ထန်းတပင်ကတော့ တံတား အဆင်းမှာပဲ။ တိုက်ကြီးမြို့ ကပ်လျက်နေရာကို လျာထားတယ်”ဟု ၎င်းကဆိုသည်။
အဆိုပါ မြို့နယ် ၁၁ မြို့နယ်သည့် မြို့ပြ ဖွံ့ဖြိုးရေး မျှတရန်နှင့် အလုပ်အကိုင် ဖွံ့ဖြိုးရန် ရည်ရွယ်၍ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မြေနေရာကို ရွေးချယ်ထားခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
Credit: The Voice