ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ရန်ကုန်တိုင်း တရားလွှတ်တော်အဆောက်အအုံကို အခု ၂ဝ မြောက် သမိုင်းဝင်အဆောက်အအုံအဖြစ် အထိမ်းအမှတ်ပြု အပြာရောင်ကမ္ပည်းပြားကို နိုဝင်ဘာ ၂၄ ရက်က တပ်ဆင်ခဲ့သည်။
လက်ရှိကာလတွင် တိုင်းတရားလွှတ်တော်အဖြစ် အသုံးပြုလျက်ရှိသော ထိုအဆောက်အအုံမှာ မြန်မာနိုင်ငံ၏ တရားစီရင်ရေးကဏ္ဍတွင် ထင်ထင်ရှားရှားပါဝင်ခဲ့သည်မှာ နှစ် ၁ဝဝ ကျော်သက်တမ်းရှိပြီဖြစ်ပြီး ၂ဝဝ၆ ခုနှစ်ထိ တရားရုံးချုပ်အဖြစ် အသုံးပြုခဲ့သည်။
ခရစ်နှစ် ၁၉ဝ၅ ခုနှစ်တွင် စတင်တည်ဆောက်ကာ ၁၉၁၁ ခုနှစ်တွင် ပြီးစီးခဲ့သော ထိုအဆောက်အအုံကို အိန္ဒိယအစိုးရ၏ အတိုင်ပင်ခံ ဗိသုကာပညာရှင် James Ransome က ပုံစံရေးဆွဲပေးခဲ့ကာ ရန်ကုန်ဆေးရုံကြီးကို တည်ဆောက်ခဲ့သည့် အိန္ဒိယကုမ္ပဏီ Bagchi & Co. က တာဝန်ယူတည်ဆောက်ပေးခဲ့ခြင်းဖြစ်ပြီး ရူပီးငွေ ၂၄ သိန်းခွဲ ကုန်ကျခဲ့သည်။ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ တည်ထောင်သူနှင့် ဥက္ကဠဖြစ်သူ ဒေါက်တာ သန့်မြင့်ဦးက ''အပြာရောင်ကမ္ပည်းပြား တပ်ဆင်ခြင်းဟာ အမွေအနှစ်အဆောက်အအုံတွေကို အရေးပါကြောင်း အထိမ်းအမှတ်ပြုရုံတင်မဟုတ်ဘဲ ရန်ကုန်မြို့မှာ နေထိုင်သူတွေအတွက် အဆောက်အအုံတွေရဲ့ သမိုင်းကြောင်းတွေကို ပြန်လည်ဖော်ထုတ်ဖို့၊ အမှတ်ရဖို့၊ ဂုဏ်ပြုဖို့နဲ့ ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ဖို့ ဆောင်ရွက်ခြင်းပဲ ဖြစ်ပါတယ်''ဟု ပြောသည်။
ရှေးဟောင်းအမွေအနှစ်အဆောက်အအုံများကို အပြာရောင်ကမ္ပည်းပြား တပ်ဆင်ခြင်းဖြင့် အဆောက်အအုံများ၏ နက်နဲသောသမိုင်းဖြစ်ရပ်များကို လူအများ သတိပြုမိလာစေရန် ရည်ရွယ်ကြောင်း ၄င်းက ပြောသည်။
''နှစ်ပေါင်း ၁ဝဝ ကျော်တိုင်အောင် တရားရုံးချုပ်အဆောက်အအုံထဲမှာ ပြုလုပ်ချမှတ်ခဲ့တဲ့ တရားရေးဆိုင်ရာ ဆုံးဖြတ်ချက်တွေက ဒီတိုင်းပြည်ကို ပုံဖော်ခဲ့ပါတယ်။ ဒါပေမဲ့ နေ့စဉ်နေ့တိုင်း အလုပ်သွား အလုပ်ပြန်လုပ်နေတဲ့ လမ်းမှာတွေ့မြင်နေကျ ဒီအဆောက်အအုံကြီးကို မြင်နေတဲ့လူတွေထဲက ဘယ်နှယောက်များ ဒီသမိုင်းကြောင်းတွေကို သိပါသလဲ။ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်တွေထဲမှာ အများပြည်သူရဲ့ ပတ်ဝန်းကျင်မှာရှိနေတဲ့ နက်နဲတဲ့ သမိုင်းဖြစ်ရပ်တွေကို သတိပြုမိလာအောင် လုပ်ပေးဖို့လည်း ပါဝင်ပါတယ်''ဟု ဒေါက်တာသန့်မြင့်ဦးက ပြောသည်။
ပန်းဆိုးတန်းလမ်းနှင့် မဟာဗန္ဓုလလမ်းကြားတွင် တည်ရှိသော ဘုရင်မကြီးအန်းခေတ်ပုံစံ အဆိုပါ အဆောက်အအုံကြီးသည် ပုံပန်းကျနသော ကိုလိုနီခေတ်အုပ်ချုပ်ရေးဆိုင်ရာ အဆောက်အအုံတစ်ခုဖြစ်ပြီး ဗြိတိသျှတို့၏ ခြေရာလက်ရာတစ်ခုအဖြစ် စံနမူနာပြစရာ အဆောက်အအုံတစ်ခုဖြစ်သည်။
အဆောက်အအုံကို တရားစီရင်ရေးအာဏာကို ထင်ဟပ်စေရန် ရည်ရွယ်ချက်ဖြင့် ပုံစံထုတ်ခဲ့ခြင်းဖြစ်ပြီး တစ်မူထူးခြားသောလက်ရာများဖြစ်သည့် အမိုးခုံးများပေါ်ရှိ ခြင်္သေ့ရုပ်များနှင့် တစ်နာရီခြားတစ်ခါ မြည်သံပေးသည့် ကြီးမားသော နာရီစင်ကြီးကိုလည်း ထည့်သွင်းထားရှိခဲ့သည်။ နာရီစင်ကြီးကို ခက်ခက်ခဲခဲ တည်ဆောက်ခဲ့ရပြီး ရွှံ့ဆန်သည့် အောက်ခံမြေကြောင့် စိုစွတ်သောမြေတွင် အထားခံသည့် သစ်ရာသစ်လုံးများကို မြေကြီးထဲသို့ ထည့်သွင်းကာ တည်ဆောက်ထားသော အဆောက်အအုံလည်း ဖြစ်သည်။
ထို့ပြင် ထိုအဆောက်အအုံသည် ရန်ကုန်မြို့၌ လျှပ်စစ်မီးစတင်ရရှိချိန်တွင် ပထမဆုံး လျှပ်စစ်မီး တပ်ဆင်အသုံးပြုခဲ့သော အဆောက်အအုံများတွင်လည်း တစ်ခုအပါအဝင်ဖြစ်သည်။
အဆိုပါအဆောက်အအုံကြီးကို တည်ဆောက်သည့် မူလရည်ရွည်ချက်အတိုင်း မြန်မာနိုင်ငံ၏ အဆင့်အမြင့်ဆုံး တရားရုံးချုပ်အဖြစ် ခေတ်အဆက်ဆက် အသုံးပြုခဲ့ပြီး သမိုင်းဝင်တရားစီရင်မှုများစွာကိုလည်းပြုလုပ်ခဲ့သည်။ သို့သော် ၂ဝဝ၆ ခုနှစ်တွင် တရားရုံးချုပ်ကို နေပြည်တော်သို့ ပြောင်းရွှေ့ပြီးနောက် လက်ရှိအဆောက်အအုံကို ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် အဆောက်အအုံအဖြစ် အသုံးပြုလျက်ရှိသည်။
အပြာရောင်ကမ္ပည်းပြား တပ်ဆင်ပြီးပါကထိုအဆောက်အအုံများကို အသက်အရွယ်မရွေး နယ်ပယ်စုံက ပြည်သူများနှင့် ခရီးသွားများ လေ့လာခွင့်ရရှိမည်ဖြစ်ပြီး လက်ရှိအချိန်တွင် ရန်ကုန်မြို့တော်ခန်းမ၊ ဧရာဝတီဘဏ်ရုံးချုပ်၊ အာမေးနီးယန်း ခရစ်ယာန်ဘုရားကျောင်း၊ ဗဟိုမီးသတ်ရုံး၊ ရန်ကုန်စာတိုက်ကြီး၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ဗဟိုပုံနှိပ်စက်၊ မဟာဗန္ဓုလပန်းခြံ၊ အိန္ဒိယသံရုံးနှင့် ဗိုလ်ချုပ်အောင်ဆန်းဈေး စသည်တို့ကို မြို့ပြအမွေအနှစ် အဆောက်အအုံအဖြစ် အထိမ်းအမှတ်ပြု အပြာရောင်ကမ္ပည်းပြားများ တပ်ဆင်ခဲ့ပြီးဖြစ်သည်။
သမိုင်းဝင်အဆောက်အအုံများကို ရှာဖွေဖော်ထုတ်ရန်နှင့် ကမ္ပည်းပြားတပ်ဆင်ရန် ရန်ကုန်မြို့အနှံ့ရှိ သမိုင်းဝင်အဆောက်အအုံများကို လေ့လာခြင်း၊ ကမ္ပည်းပြားများကို ထုတ်လုပ်ခြင်းနှင့် တပ်ဆင်ခြင်းများအတွက f Bgoayl Phillips Corporation က အမေရိကန်ဒေါ်လာ ၇၅,ဝဝဝ ထောက်ပံ့ပေးအပ်ခြင်း ဖြစ်သည်။
Credit: The Myanmar Times