ရန်ကုန် မြို့ပတ်ရထားလမ်းပိုင်း အဆင့်မြှင့်တင်မှုကို နိုဝင်ဘာလ နောက်ဆုံးအပတ်က စတင် ဆောင်ရွက်လျက်ရှိပြီး အများပြည်သူ အန္တရာယ်ရှိနေသည့် သမိုင်း ဘူတာဈေးနှင့် တညင်းကုန်း ဘူတာဈေးကို ပြောင်းရွှေ့မည်ဖြစ်ကြောင်း မြန်မာ့မီးရထားထံမှ သိရသည်။
“ရထားပြေးဆွဲမှုကို မထိခိုက်အောင် လုပ်ငန်း အသေးတွေနဲ့ စလုပ်နေတယ်။ အောက်တိုဘာလမှာ စမယ်လို့ ပြောခဲ့ပေမယ့် လုပ်ငန်း ကြန့်ကြာမှုလေးတွေ ရှိနေလို့ မစဖြစ်ခဲ့တာပါ။ ဘူတာဈေး ပြောင်းတဲ့အခါ တစ်ခုကို မီးရထားပိုင်မြေမှာပဲ နေရာပြန်ချမယ်”ဟု မြန်မာ့မီးရထား၊ တိုင်း-၇၊ သွားလာရေးဌာန အထွေထွေ မန်နေဂျာ ဦးဇော်လွင်က ဆိုသည်။
မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ခြင်းအတွက် သမိုင်းဘူတာဈေးကို အင်းစိန်ဘက်ခြမ်းရှိ ခုံးကျော်တံတားနှင့် ပေ ၂၀ဝ အကွာရှိ မီးရထားပိုင်မြေတွင် ဈေးသစ်အဖြစ် ပြောင်းရွှေ့ တည်ဆောက်မည်ဖြစ်ပြီး မြေဧရိယာ ပေ ၄၅၀ ခန့်ရှိကြောင်း မြန်မာ့မီးရထားထံမှ သိရသည်။
“ပြောင်းတာကတော့ ဈေးဆောက်ပြီးမှ ပြောင်းမှာပါ။ အခုက လုပ်နေဆဲပါ။ တညင်းကုန်း ဘူတာဈေးကတော့ စည်ပင်က လုပ်နေတဲ့ တညင်းကုန်း ဈေးသစ်ကို ပြောင်းရမှာပါ။ တကယ်တော့ ရထားက ပြေးဆွဲခြင်းပဲ လုပ်ရမှာပါ။ ဈေးသည်တွေနဲ့ ခရီးသည်တွေက အရမ်း အန္တရာယ် များတယ်”ဟု ဦးဇော်လွင်က ဆိုသည်။
မြို့ပတ်ရထားလမ်းပိုင်း အဆင့်မြှင့်တင်ခြင်း အနေနှင့် နိုင်ငံတော် ဘတ်ဂျက်ဖြစ်သည့် အမေရိကန် ဒေါ်လာ ၉၄ ဒသမ ၇၆ သန်းဖြင့် ရထားခုန်ခြင်း လျော့ကျရန် သံလမ်းများ ဆက်ခြင်း၊ သံဘောင်ပြုပြင်ခြင်း၊ ခြံစည်းရိုး ခတ်ခြင်း၊ ပလက်ဖောင်း မြှင့်ခြင်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း မြန်မာ့မီးရထား (အောက်မြန်မာပြည်) အထွေထွေ မန်နေဂျာ ဦးထွန်းအောင်သင်းက ပြောကြားခဲ့သည်။
ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ရေး စီမံကိန်း ဆောင်ရွက်ရာတွင် အဆိုပါ စီမံကိန်းပြီးပါက ယခင်ထက်ပိုသည့် အမြန်နှုန်းကို အသုံးပြုမည်ဖြစ်သောကြောင့် ရထား မတော်တဆမှုမှာလည်း များပြားလာနိုင်သဖြင့် အန္တရာယ် ကင်းရှင်းရေး ပညာပေးကို ကြိုတင်ဆောင်ရွက်လျက်ကြောင်း ၎င်းက ပြောကြားသည်။
မြို့ပတ် ရထားလမ်းပိုင်း အဆင့်မြှင့်တင်ရာတွင် ရထား၏ အရှေ့ခြမ်းဖြစ်သော မင်္ဂလာဒုံ၊ ပုရွက်ဆိတ်ကုန်း၊ ပုဇွန်တောင်၊ တညင်းကုန်း ဘူတာများကို ကနဦး ဆောင်ရွက်မည်ပြီး ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်တွင် အပြီး ဆောင်ရွက်မည်ဖြစ်ကြောင်း ရန်ကုန်မြို့ပတ် ရထားလမ်း အဆင့်မြှင့်တင်ခြင်း စီမံကိန်း ကော်မတီထံမှ သိရသည်။
မြို့ပတ်လမ်းပိုင်း အနေနှင့် တညင်းကုန်း-အင်းစိန်ဘူတာသည် ၃ ဒသမ ၇၅ မိုင်၊ တညင်းကုန်း-ပုရွက်ဆိတ်ကုန်း ဘူတာသည် ၇ ဒသမ ၂၅ မိုင်၊ ပုရွက်ဆိတ် ကုန်း-ပုဇွန်တောင်သည် ၈ ဒသမ ၅ မိုင်၊ တညင်းကုန်း-မင်္ဂလာဒုံသည် ၄ ဒသမ ၇၅ မိုင်၊ မင်္ဂလာဒုံ-ပုရွက်ဆိတ်ကုန်းသည် ၂ ဒသမ ၅ မိုင်ရှိကြောင်း မြန်မာ့မီးရထားထံမှ သိရသည်။
ရန်ကုန်မြို့တွင် လက်ရှိ ပြေးဆွဲနေသည့် မြို့ပတ်ရထား ကိုးစီးရှိပြီး ဘူတာ ၃၈ ခုရှိကာ တစ်ရက်လျှင် အခေါက်ရေ ၂၁၅ ခေါက်ဖြင့် ခရီးသည် ပို့ဆောင်နေကြောင်း မြန်မာ့မီးရထားထံမှ သိရသည်။
Credit: The Voice