၁၉၆၃ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်တွင် လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ၏ တူဖြစ်သူ ရောဘတ် အက်ဖ်-ကနေဒီနှင့် ဇနီးဖြစ်သူ ရှဲရွန်ဟိုင်းစ်တို့သည် မာလီဘူးစံအိမ်ကြီးကို အရောင်းဈေးကွက်တင်လာသည်။
တည်နေရာမှာ အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိမြို့ အနောက်ဘက် မိုင် ၃၀ ခန့်အကွာတွင် တည်ရှိသည့် နာမည်ကျော် မာလီဘူးအရပ်တွင် ဖြစ်ပြီး ပင်လယ်ကမ်းခြေတွင် တည်ရှိသည်။
ရှဲရွန်ဟိုင်းစ်သည် နာမည်ကျော်ရုပ်သံဟာသဇာတ်လမ်းတွဲဖြစ်သော Curb Your Enthusiasm တွင် ပါဝင်သရုပ်ဆောင်ခဲ့သူ ဖြစ်သည်။
ရှဲရွန်ဟိုင်းစ်သည် အသက် ၅၁ နှစ်အရွယ်ရှိပြီဖြစ်ပြီး ရောဘတ်ကနေဒီမှာ အသက် ၆၃ နှစ်အရွယ်ဖြစ်သည်။
ယခုနေအိမ်ကို ၎င်းတို့ဇနီးမောင်နှံက ကန်ဒေါ်လာ ၆ ဒသမ ၄၅ သန်း ဈေးခေါ်ထားသည်။
Planet of the Apes အပါအဝင် အခြားရုပ်ရှင်ဇာတ်ကားများစွာကို ရိုက်ကူးခဲ့သည့်နေရာဖြစ်သော နာမည်ကျော် Point Dume ကမ်းခြေနေရာအနီးတွင် တည်ရှိသည်။
အရောင်းကြော်ငြာတွင် ဖော်ပြထားရာ၌ “သစ်ကြီးဝါးကြီးများ အုပ်ဆိုင်းနေကာ ညီညာသောမြေပြင်တွင် လှပသည့် မြေယာအလှဆင်ယင်မှုများ ပြုလုပ်ထားပြီး ကွန်နက်တီကပ်ရှိ ခြံဝန်းတစ်ခုအသွင်မျိုးဖြစ်သည်” ဟု ဖော်ပြထားသည်ကို တွေ့ရသည်။
အိပ်ခန်း ၄ ခန်း၊ ရေချိုးခန်း ၃ ခန်း၊ ဧည့်ဂေဟာအိမ် ၂ ခု၊ ရေကူးကန်တို့ပါဝင်ပြီး အားလုံးကို အနီရောင်ဆေးသုတ်ထားသည်။
ပင်မနေအိမ်တွင် သစ်မာသားကြမ်းခင်းများ ခင်းကျင်းထားကာ မီးလင်းဖိုပါသည့် ဧည့်ခန်းမှတစ်ဆင့် စာကြည့်ခန်းသို့ ရောက်ရှိနိုင်သည်။
သမ္မတ ဂျွန်အက်ဖ်ကနေဒီသည် ဒါးလက်စ်သို့ အလည်အပတ်သွားရောက်စဉ် လုပ်ကြံသတ်ဖြတ်ခံခဲ့ရခြင်းဖြစ်ပြီး ထိုစဉ်က ရောဘတ်ကနေဒီမှာ အသက် ၇ နှစ်အရွယ်သာရှိသေးသည်။
ဆန်းကြယ်သည့်တိုက်ဆိုင်မှုမှာ သူ၏ဖခင်သည်လည်း လုပ်ကြံသတ်ဖြတ်ခံရကာ ကွယ်လွန်သွားခဲ့ခြင်းပင် ဖြစ်သည်။
သူ၏ဖခင်သည် ၁၉၆၈ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နေစဉ် လုပ်ကြံခြင်းခံခဲ့ရခြင်း ဖြစ်သည်။
ရောဘတ်ကနေဒီတို့ ဇနီးမောင်နှံသည် ၂၀၁၄ ခုနှစ်အတွင်း လက်ထပ်ခဲ့ကြပြီး ထိုနှစ်အတွင်းတွင်ပင် ယခုနေအိမ်ကြီးကို ကန်ဒေါ်လာ ၄ ဒသမ ၉၉၅ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း လော့စ်အိန်ဂျလိအိမ်ခြံမြေမှတ်တမ်းများတွင် ဖော်ပြသည်။
မစ္စဟိုင်းစ်သည် လက်ရှိအားဖြင့် Son of Zorn ဇာတ်လမ်းတွဲတွင် ပါဝင်သရုပ်ဆောင်လျက်ရှိသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)