အင်္ဂလန်တွင် အိမ်ခြံမြေဈေးနှုန်းများ ဆက်တိုက်မြင့်တက်နေမှုကြောင့် ဆယ်ကျော်သက်လူငယ် ၁၀ ဦးလျှင် ၇ ဦးက ၎င်းတို့၏ဘဝတွင် နေအိမ်ဝယ်ယူနိုင်တော့မည်မဟုတ်ကြောင်း ယုံကြည်လျက်ရှိကြောင်း စစ်တမ်းတစ်ရပ်တွင် ဖော်ပြသည်။
နောက်ဆုံးကောက်ယူခဲ့သည့်စစ်တမ်းအရ အသက် ၁၆ နှစ်မှ ၁၈ နှစ်အကြားရှိ လူငယ် ၇၀ ရာခိုင်နှုန်းက ၎င်းတို့အနေဖြင့် မည်သည့်အခါမျှ နေအိမ်ဝယ်ယူနိုင်တော့မည်မဟုတ်ကြောင်း ယုံကြည်နေကြသည်ကို တွေ့ရှိရသည်။
အင်္ဂလန်တွင် လုပ်အားခ၊ ဝင်ငွေ တိုးတက်မှု မရှိခြင်းနှင့် အိမ်ခြံမြေဈေးနှုန်းများ မြင့်တက်နေခြင်းတို့ကြောင့် ယခုကဲ့သို့ မှတ်ယူလာကြခြင်းလည်း ဖြစ်သည်။
ယခုစစ်တမ်းကို ကောက်ယူခဲ့သည်မှာ The Open University Business School မှဖြစ်ပြီး အသက် ၁၆ နှစ်မှ ၁၈ အကြားရှိ ဆယ်ကျော်သက်လူငယ်ပေါင်း ၁၀၀၀ ခန့်ကို တွေ့ဆုံမေးမြန်းခဲ့ခြင်း ဖြစ်သည်။
ဆယ်ကျော်သက်လူငယ်များသည် အသက်မွေးဝမ်းကျောင်း လုပ်ငန်းနယ်ပယ်များသို့ မဝင်ရောက်မီကာလကတည်းကပင် ရည်မှန်းချက်များ ပျောက်ဆုံးကုန်ကြပုံကို ပြသနေခြင်းလည်း ဖြစ်သည်။
Business School မှ ဒါရိုက်တာ မာတင် အပ်တန်က ပြောကြားရာတွင် ယနေ့ခေတ်လူငယ်မျိုးဆက်များသည် အိမ်ခြံမြေပိုင်ဆိုင်နိုင်ရေး ဘဝလှေကားကို တက်လှမ်းရန် ကြီးမားသည့်အဟန့်အတားများ ရင်ဆိုင်နေကြရပြီဖြစ်ကြောင်း ပြောကြားသည်။
အိမ်ငှားခများ ဈေးနှုန်းကြီးမြင့်လာသည့်အပြင် ကျောင်းလခများအတွက်လည်း စဉ်းစားရန်လိုသည့်အတွက် ငွေစုဆောင်းရန် အခက်ကြုံကြရခြင်းလည်း ဖြစ်သည်။
Tedworth Property မှ ဒါရိုက်တာ ခရစ္စတီယန် ဝါမန်က ပြောကြားရာတွင် မျိုးဆက်တိုင်းသည် ယခုကဲ့သို့ ခံစားချက်မျိုးကို တနည်းမဟုတ်တနည်း ခံစားကြရလေ့ရှိကြောင်း ဆိုသည်။
ပြီးခဲ့သောနှစ်အတွင်း ဗြိတိန်တွင် နေအိမ်တစ်လုံး၏ ပျှမ်းမျှဈေးနှုန်းမှာ ပေါင် ၁၁၀၀၀ မှ ၂၂၆၀၀ ကြားအထိ မြင့်တက်ခဲ့ပြီး ၅ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်မှုဖြစ်ကြောင်း အမျိုးသားစာရင်းအင်းရုံးက ထုတ်ပြန်သောအချက်အလက်များတွင် ဖော်ပြသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)