စကော့တလန်နိုင်ငံ အလယ်ပိုင်း ပါ့သ်ရှိုင်းယားခရိုင် (တရားဝင်အခေါ်တွင် ပါ့သ်ခရိုင်) ၊ ကရိုဖ်မြို့ကလေးတွင် မီးရထားဘူတာရုံကို လူနေအိမ်အဖြစ် ပြောင်းလဲထားသည့်အဆောက်အအုံတစ်ခု အရောင်းဈေးကွက်ဝင်လာကြောင်း အင်္ဂလန်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
၁၉ ရာစု မီးရထားဘူတာရုံဖြစ်ခဲ့ဖူးပြီး နောက်ပိုင်းတွင် အသုံးမပြုတော့ချေ။
ယခုအခါ ဘူတာရုံအဖြစ်မှ ပိတ်သိမ်းခဲ့သည်မှာ နှစ်ပေါင်း ၇၀ ရှိပြီဖြစ်သည်။
ဘူတာရုံကို အိပ်ခန်း ၃ ခန်းပါ လူနေအိမ်အဖြစ် ပြောင်းလဲဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။
အင်းနားပက်ဖရေးဟု အမည်ပေးထားသည့် ဘူတာရုံဘေးဝန်းကျင်တွင် သာယာလှပသည့် ကျေးလက်ရှုခင်းများ ဝန်းပတ်ထားပြီး အဆောက်အအုံအတွင်း ဧည့်ခန်းတစ်ခန်း၊ အိပ်ခန်း ၃ ခန်းနှင့် ကျယ်ဝန်းသည့်နေစာလှုံခန်းတို့ ပါဝင်ကာ ၂ ထပ်အဆောက်အအုံ ဖြစ်သည်။
မှတ်တမ်းဓာတ်ပုံတစ်ခုအတွင်း တွေ့ရသည်မှာ အဆောက်အအုံဘေးတစ်လျှောက်ရထားလမ်းပေါ်တွင် ရေနွေးငွေ့စက်ခေါင်းဖြင့် မီးရထားတစ်စင်းရပ်တန့်ထားပုံကို တွေ့ရသည်။
ရထားလမ်းများမှာ မရှိတော့သော်လည်း မူရင်းပလက်ဖောင်းများကိုမူ ထင်ရှားစွာ တွေ့မြင်နိုင်သေးသည်။
အင်းနားပက်ဖရေးဘူတာရုံကို ၁၈၆၆ ခုနှစ်၊ မေလ ၂၁ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး ကရိဖ်မှ မက်သ်ဗင်သို့ ဆက်သွယ်သည့် လမ်းပိုင်းတွင် ဖြစ်သည်။
၁၉ ရာစုကုန်ပိုင်း ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးလာချိန်တွင် ယင်းရထားလမ်းမှာ များစွာအထောက်အကူပြုခဲ့သည်။
နောက်ပိုင်းတွင်မူ အဆိုပါရထားလမ်းကြောင်းဖြင့် ခရီးသွားလာမှု အလွန်ကျဆင်းလာခြင်းကြောင့် ရထားလမ်းပိတ်သိမ်းခဲ့သည်။
ယနေ့အခါတွင်ကား တစ်ချိန်က ဘူတာရုံဖြစ်ခဲ့ဖူးသည်ဟူခြင်းကို ပြန်လည်သတိရဖွယ်ဟူ၍ အထိမ်းအမှတ်ကျောက်ပြားတစ်ခုသာ ကျန်ရှိတော့သည်။
ခြံအကျယ်အဝန်း ၃ ဧကခန့်ရှိသည့် အဆိုပါ အဆောက်အအုံကို စကော့တလန် အိမ်ခြံမြေဝက်ဘ်ဆိုက် SPC Scotland မှတစ်ဆင့် အရောင်းဈေးကွက်တင်လာခဲ့ခြင်းဖြစ်ပြီး ပေါင် ၃၈၀၀၀၀ ဈေးခေါ်ထားသည်။
ဘူတာရုံအဖြစ် အသုံးပြုခဲ့စဉ်က အမျိုးသား၊ အမျိုးသမီးနားနေစောင့်ဆိုင်းခန်း သီးခြားထားရှိခဲ့ကာ ဘူတာပလက်ဖောင်း၏ တောင်ဘက်ခြမ်းကို မွေးမြူရေးတိရ စ္ဆာန်များ ရထားပေါ်သို့ တင်ရန်အတွက် အသုံးပြုခဲ့သည်။
ကရိဖ်မှ မက်သ်ဗန်သို့ ဆက်သွယ်သည့် ရထားလမ်းပိုင်းကို ဆောက်လုပ်ရာတွင် ပေါင် ၆၆၀၀၀ ကုန်ကျခဲ့ပြီး ခရီးသွားအလွန်နည်းပါးမှုကြောင့် ၂၀ ရာစုအလယ်ပိုင်းတွင် ပိတ်သိမ်းခဲ့ခြင်းဖြစ်သည်။
အဆိုပါလမ်းပိုင်းတွင် ဘူတာ ၃ ခုရှိခဲ့ဖူးရာ ကရိဖ်၊ မက်ဒါတီနှင့် ဘယ်လ်ဂိုဝမ်တို့ ဖြစ်ကြသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)